Thursday, September 3, 2015

သစ်စုပုံထားမှု၊ သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုထားသည့် ရေပူဆရာတော်၏ ရုံးချိန်းတွင် သစ်များအား မည်သည့်နေရာမှ သိမ်းဆည်းခဲ့သည်ကို ကိုယ်တိုင်မသိရှိဟု တရားလိုပြသက်သေ တောအုပ် ထွက်ဆို


                                 ရေပူကျောင်းဆရာတော်အား ရုံးထုတ်လာသည်ကို စက်တင်ဘာ ၂ ရက်က တွေ့ရစဉ်
 
သစ်စုပုံထားမှု၊ သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂ ရက်က ရေပူဆရာတော်အား နှစ်ကြိမ်မြောက်ရုံးထုတ်တွင် တရားလိုပြသက်သေသုံးဦး စစ်ဆေးခဲ့ရာ သစ်တောဌာမှ တောအုပ်က သစ်များအား မည်သည့်နေရာက သိမ်းဆည်းခဲ့သည်ကို ကိုယ်တိုင်မသိရှိဟု ထွက်ဆိုခဲ့သည်။

ရေပူဆရာတော်နှင့် အရပ်သားလေးဦး၏ ရုံးထုတ်ကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး သစ်စုပုံထားမှု၊ သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်ပြီး စစ်ဆေးရာ တရားလိုပြ သက်သေအဖြစ် ဦးဥက္ကာ (မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး)၊ ဦးကျော်ဆန်း (မိုးကုတ်မြို့နယ် သစ်တောဌာန-တောအုပ်) နှင့် ဒေါ်ခင်ကြည်ဝင်း (ခ) ဒေါ်နန်းတို့အား နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ရေပူဆရာတော်၏ အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက သစ်တောဌာနမှ တောအုပ်အား သစ်များကို မည်သည့်နေရာက သိမ်းခဲ့သည်ကို သိရှိပါသလားဟု မေးခွန်းအပေါ် တောအုပ်က “သစ်တွေကို ဘယ်နေရာကနေ သိမ်းဆည်းခဲ့တယ် ဆိုတာတော့ ကိုယ်တိုင်မသိပါဘူး။ သစ်တောဝန်ထမ်း ဦးလှမျိုးနိုင်က ရေပူကျောင်းက သိမ်းခဲ့တယ်လို့ ပြောလို့သာ သိရပါတယ်။ သစ်တောဌာနအနေနဲ့ ပြန်ပေးတဲ့အခါ မဆွေးမြည့်ဖို့အတွက် သိမ်းဆည်းထားတာ ဖြစ်ပါတယ်” ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

သစ်မှု၊ သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးမှူးအား စစ်ဆေးရာတွင် ယင်းအမှုကိစ္စ နှစ်ရပ်လုံးမှာ သက်ဆိုင်ရာ ဌာနအသီးသီး၏ ဥပဒေနှင့် မကိုက်ညီခြင်းကြောင့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရန် ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ ရေပူဆရာတော်က “အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ထွက်ဆိုချက်တွေက အရင်တစ်ခါ ရုံးထုတ်တုန်းက လာစစ်တာကြိုသိရင် ဖွက်ထားနိုင်တယ်လို့ ထွက်ဆိုခဲ့ပြီး အခုရုံးထုတ်မှာကျ သစ်တွေကို ဖွက်ထားပါတယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် ရှေ့နောက်မညီဘူး ဖြစ်နေပါတယ်။ ဓာတ်ပေါင်းစုစေတီတည်ဖို့လုပ်ခဲ့တဲ့ စေတီတွေဟာ ၂၀၀၇ ခုနှစ်တုန်းက တိုင်းမှူးဗိုလ်ချုပ်ခင်ဇော်က စေတီဟောင်းတွေပြင်ဖို့ ဆောင်ရွက်ခဲ့တဲ့ စေတီတွေထဲမှာ ပါတယ်။ အဲဒီတုန်းက ဘုန်းကြီးခွင့်ပြုချက်တစ်ခုပဲ ယူခဲ့ပါတယ်။ ဘယ်သူခွင့်ပြုချက်မှလည်း မယူခဲ့ရသလို ဘယ်သူမှလည်း ကန့်ကွက်တားမြစ်တာ မရှိခဲ့ပါဘူး” ဟု တရားရုံးမှ အထွက်တွင် မိန့်ကြားသည်။

ရေပူကျောင်းဆရာတော်အား သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှုတို့ဖြင့် လူဝတ်လဲ ဖမ်းဆီးခံထားရှိပြီး ကျောက်မျက်နှင့် ပတ်သက်၍ တရားလိုများဘက်မှ လိုပြသက်သေဦး ၂၀ အနက် ၁၅ ဦးအား စစ်ဆေးပြီးခဲ့ကြောင်း၊ သာသနာညှိုးနွမ်းစေမှု၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ သစ်တောမှုနှင့်ပတ်သက်၍ တရားလိုပြ သက်သေလေးဦးအား စစ်ဆေးခဲ့ပြီး သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ သက်သေလာရောက်ခြင်း မရှိကြောင်း သိရသည်။

သစ်မှု၊ သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ သုံးကြိမ်မြောက်ရုံးထုတ်ကို စက်တင်ဘာ ၉ ရက်တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ) ၆၄/၂၀၁၅ ပြစ်မှုပုဒ်မ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ) ၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း၊ ရေပူကျောင်းဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ရုံးထုတ်ခဲ့ပြီး ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ ၁၀ ကြိမ်မြောက် ရုံးထုတ်ကို စက်တင်ဘာ ၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ရာ လိုပြသက်သေအဖြစ် ဒုရဲအုပ်ဆန်းလွင်နှင့် ဒုရဲမှူးသိန်းဝင်းတို့အား ထွက်ဆိုနိုင်ရန် ဆင့်ဆိုထားရှိကြောင်း သိရသည်။ ယခင်က ရေပူကျောင်းဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အချိန်ထိ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

Credit:  EMG /အောင်သူ
http://news-eleven.com/

No comments:

Post a Comment