Wednesday, August 26, 2015

သောင်းတိုက်က ကြားစေသား (၄)

                                သီရိလင်္ကာနိုင်ငံမှ ဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ် (Photo: www.srilankaguardian.org)

AHRC သည် ဒိန်းမတ်နိုင်ငံမှ Research Centre for Torture Victims (RCT) အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း အများအပြားနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ ကုလညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် (UN Special Reporteur againet Torture) ထံသို့ AHRC မှ လူ့အခွင့်အရေး ချိုးဖောက်ညှဉ်းပန်းမှုသတင်းများ နေ့စဉ်ပေးပို့သည်။

သီဝရီအရပြောရလျှင် ဤမိုဒယ်လ်တွင် မျက်နှာစာနှစ်ဖက် ရှိသည်။ ညှင်းပန်းခံ သားကောင်များနှင့် အလုပ်မဖြစ်သော တရားရေးစနစ်တို့ဖြစ်သည်။ သီရိလင်္ကာနိုင်ငံတွင် ဤနှစ်ချက်စလုံးသည် ညှဉ်းပန်းနှိပ်စက်မှု၏ ရင်းမြစ်မူလ ဖြစ်သည်။ ဆိုလိုရင်းမှာ နစ်နာသူကို ကူညီစောင့်ရှောက်မှုပေးသည်နှင့် တစ်ပြိုင်တည်း နစ်နာဆုံးရှုံးမှုဖြစ်စေသည့် စနစ်အပေါ်တွင်လည်း အာရုံစိုက်ရန်ဖြစ်သည်။ စနစ်တစ်ခုလုံး ယိုယွင်းပျက်စီးနေသည့် အခြေအနေတွင် နစ်နာသူကို ကူညီစောင့်ရှောက်ရုံဖြင့် မလုံလောက်ပေ။ စနစ်က သားကောင်များကို တစ်ချိန်လုံး မွေးထုတ်ပေးနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေစနစ် ပြုပြင်ပြောင်းလဲရေး အမြင်ဖြင့် စနစ်တခုလုံးကို စဉ်ဆက်မပြတ် ဝေဖန်အကဲဖြတ် စောင့်ကြည့်ရန် လိုပေသည်။ တရားရေးစနစ်၏ မတော်တရော်ပြုလုပ်မှု ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံ အသေးစိတ် အချက်အလက်များကို ဖော်ထုတ်ဖွင့်ချရန်အပြင် မေးခွန်းထုတ် တင်ပြချက်များ၊ အဆိုပြုချက်များသည်လည်း ဥပဒေပြုပြင်ပြောင်းလဲရေး လိုအပ်ချက်၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ဥပဒေပြုပြင်ပြောင်းလဲရေး လျင်မြန်စွာ အောင်နိုင်စေရန် အစဉ်တစိုက် လူထုပညာပေးမှုနှင့် ဖိအားပေးမှုများ လိုအပ်သည်။ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပြောင်းလဲစေရန်နှင့် ပညာပေးရန်သာမက အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ပညာပေးရန် လိုအပ်သည်။ ပဋိပက္ခပေါင်းစုံ ပြွမ်းတီးနေသည့် သီရိလင်္ကာလို နိုင်ငံမျိုးတွင် လူထုအာရုံစိုက်မှု လိုအပ်သည့် ပြဿ နာ အမြောက်အမြားရှိသည်။ သို့ဖြစ်ရာ အောင်မြင်မှုရလိုသည့် ရှေ့ဆောင်သူ Lobby များသည် လူထုနှင့် အမြဲတမ်းထိတွေ့နေပြီး လူထုဟောပြောလှုံ့ဆော်မှုများတွင် အမြဲတမ်း ပြိုင်ဆိုင်ပါဝင်သင့်သည့် ကျွမ်းကျင်မမြင့်မားသည့် ရေးသားလှုံ့ဆော်ချက်များ ထုတ်ဝေဖြန့်ချိရန်သာမက အခြားတစ်ဖက်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ အစိုးရနှင့် လက်အောက်ခံ အဖွဲ့အစည်းများတွင် အရင်းအမြစ် ပြဿ နာ ကြီးမားလှသည်။ ယင်းတို့တွင် အဖွဲ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်ရန် ငွေကြေးရင်းမြစ် မရှိကြပေ။ သို့အတွက် AHRC သည် အိုင်တီနည်းပညာ၊ ဆက်သွယ်မှုနှင့် မီဒီယာကျွမ်းကျင်မှုကို မရှိမဖြစ် အသက်သွေးကြောအဖြစ် အခိုင်အမာ ဆုပ်ကိုင်သည်။ သို့ဖြင့် AHRC သည် မိမိသာမက နိုင်ငံတကာ အဖွဲ့အစည်းမျိုးစုံ လွှမ်းခြုံပါဝင်သည့် နိုင်ငံတကာ ညီလာခံများ ပေါ်ပေါက်ရေးအတွက် အားထုတ်ဆောင်ရွက်ခဲ့သည်။


■ ၁၉၉၃ ဗီယင်နာ လူ့အခွင့်အရေး ညီလာခံကြီး

၁၉၉၃ ဗီယင်နာ လူ့အခွင့်အရေး ညီလာခံကြီးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၄၈ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို နောက်တစ်ဆင့် မြှင့်တင်လိုက်ခြင်း၊ အကောင်အထည်ဖော်ရန် အလေးအနက် လှုပ်ရှားလိုက်ခြင်းပင်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးမှ အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာရှင်များ လူ့အခွင့်အရေး ကာကွယ်ရန်နှင့် တိုးမြှင့်ရန် သန္နိဋ္ဌာန်ချထားသည့် ကမ္ဘာ့ပြည်သူများသည် ကမ္ဘာလုံးဆိုင်ရာ ဗီယင်နာညီလာခံကြီးအတွက် ပြင်ဆင်ရန် ပူးပေါင်းလှုပ်ရှားခဲ့ကြသည်။ အာရှတိုက်အတွက် ၁၉၉၂-၁၉၉၃ တွင် ပြင်ဆင်ရေးညီလာခံကို ဘန်ကောက်တွင် ကျင်းပရာ ထောင်နှင့်ချီသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထင်ရှားသည့် ပညာရှင်များက ဗီယင်နာကွန်ဖရင့်ကြီးတွင် အလုံးစုံလွှမ်းခြုံသောအပြင် မျိုးစုံပါဝင်သည့် ကြေညာစာတမ်းအစုံလိုက် တင်သွင်းနိုင်ရေးအတွက် လူ့အခွင့်အရေး အဖွဲ့များနှင့် ပူးပေါင်းစီစဉ်ခဲ့ကြသည်။ ထိုပညာရှင်များအနက် AHRC စတင်ထူထောင်သူ တစ်ဦးဖြစ်သည့် တရားလွှတ်တော်တရားသူကြီး ဘဂါဝတီ (Bhaga wati) နှင့် ဟောင်ကောင်တက္ကသိုလ် ပါမောက္ခ ရရှ်ဂိုင်း (Yash Ghai) တို့ ပါဝင်သည်။ ပါမောက္ခရရှ်ဂိုင်းသည် ကမ္ဘာတစ်ဝန်း ဂုဏ်သတင်းကျော်ဇောသူ ပညာရှင်ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် AHRC အကြံပေးဘုတ်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR - Universal Declaration of Human Rights) နှင့် ဗီယင်နာကွန်ဖရင့်ဆိုင်ရာ ကမ္ဘာ့လှုပ်ရှားမှုကြီးကို စိန်ခေါ်မှုများအနက် အဓိကမှာ အာရှအစိုးရအချို့၏ အပြင်းအထန် ဆန့်ကျင်မှုများပင် ဖြစ်သည်။ အဆိုပါ ဆန့်ကျင်ဘက်ဂိုဏ်းကို တရုတ်ပြည်၊ စင်ကာပူ၊ မလေးရှားတို့က ဦးဆောင်ပြီး နောင်တွင် ဖိလစ်ပိုင် ပါဝင်လာခဲ့သည်။ ထိုနိုင်ငံများက လူ့အခွင့်အရေး၏ ကမ္ဘာ့လက္ခဏာဆောင်မှုကို ငြင်းဆန်ပြီး ‘အာရှတန်ဖိုး (Asian Values) ဆိုသည့် အယူအဆဖြင့် အစားထိုးရန် ကြံစည်ခဲ့ကြသည်။ ဆိုလိုသည်မှာ နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှုအရ သီးခြားတန်ဖိုးနှင့် စံနှုန်းများ ရှိသည်ဟုပင် ဖြစ်သည်။ ဤအတွေးအခေါ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းပါ စံနှုန်းများ၊ တန်ဖိုးများကို ဆန့်ကျင်ရန် ၀ါဒဖြန့်ချက် သက်သက်မျှသာဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ကြီးက အဆိုပါ ‘အာရှတန်ဖိုး’ အယူအဆပါ စံနှုန်းများကို တစ်ကမ္ဘာလုံး လက်ခံနိုင်စေရန်အတွက် နိုင်ငံအစိုးရတိုင်းသည် အဓိကအကျဆုံးဖြစ်သည့် လူ့အခွင့်အရေးစာချုပ် (၂)ရပ်ပါ အခွင့်အရေးများကို လေးစားလိုက်နာရမည်ဟု တောင်းဆိုခဲ့သည်။ ယင်းတို့မှာ “အပြည်ပြည်ဆိုင်ရာ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးစာချုပ်” (ICCPR - International Covenant an Civil and Political Rights) နှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများစာချုပ် (ICESCR - International Covenant and Economics social and Cultureal Rights) တို့ဖြစ်သည်။ ကုလက ‘အာရှတန်ဖိုး’ သည် ဤစာချုပ်နှစ်ခုပါ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီရမည်။ အာမခံရမည်ဟု တောင်းဆိုခြင်း ဖြစ်ပါသည်။

စင်စစ်အားဖြင့် ‘အာရှတန်ဖိုး’ ဆိုသည်မှာ အခြေခံလူ့အခွင့်အရေးများကို ငြင်းကွယ်ဆန့်ကျင်လိုသည့် အစိုးရများ၏ အကြောင်းပြချက်သက်သက်မျှသာ ဖြစ်သည်။ အာရှတန်ဖိုးအရဆိုလျှင် ဖိနှိပ်ချုပ်ချယ်မှုမှာ လိုအပ်ချက်တစ်ခုဖြစ်သည်။ အန္တရာယ်အရှိဆုံး ဗြောင်အကျဆုံးအချက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာစံဖြင့် တိုင်းတာရန်ဟူသည့် အချက်ကို ခါးခါးသီးသီး ငြင်းဆန်ခြင်းဖြစ်သည်။ အဆိုပါ အစိုးရများက ၎င်းတို့နိုင်ငံရှိ ပြည်သူများသည် သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှု အစဉ်အလာ ဘောင်အတွင်းမှ အခွင့်အရေးများ ခံစားရရှိနေကြောင်း၊ ထိုအခွင့်အရေးများ ချိုးဖောက်ခံရသည်ဟု စွပ်စွဲနေခြင်းမှာ မှားယွင်းကြောင်း တုံ့ပြန်လေ့ရှိသည်။ အတိအကျအားဖြင့် ဆိုရပါက ထိုထိုအစိုးရများက လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ အစိုးရတစ်ရပ်ကို လူထုဆန္ဒမဲဖြင့် လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့် ဆိုသည်မှာ ခိုင်မာသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး မဟုတ်ဟု ငြင်းဆန်လိုခြင်းဖြစ်သည်။ အကြောင်းမူ ထိုအစိုးရများသည် ဖော်ပြပါစံနှုန်းများဖြင့် ချိန်ထိုးမခံဝံ့သော အစိုးရများ ဖြစ်နေသောကြောင့်ပင်တည်း။ သူတို့အဆိုအရ အစိုးရတစ်ရပ်ကို သီးခြားယဉ်ကျေးမှုအရ ဖွဲ့စည်းခွင့်ရှိသည်။ အာဏာပိုင်ကို ရိုသေလေးစားရန် တာဝန်သည် သာမန်ပြည်သူတစ်ယောက်၏ အခွင့်အရေးထက် ပိုမိုမြင့်မားသည်ဟူ၍ဖြစ်သည်။

တရုတ်ပြည်၏ ဆိုရှယ်လစ်နိုင်ငံရေး စနစ်အရဆိုလျှင် နိုင်ငံသားတစ်ဦး၏ အဓိကတာဝန်မှာ အစိုးရ၏ အမိန့်ကို နာခံရန်ဖြစ်သည်။ အာဏာပိုင်က နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို လေးစားရန် သို့မဟုတ် အာဏာပိုင်၏ အခွင့်အရေးများကို ကန့်သတ်ရန်သည် လူ့အဖွဲ့အစည်းကို ဦးစောက်ဂျွမ်းပြန် ဖြစ်စေမည်ဟူ၏။ ဤအုပ်ချုပ်ရေး ဗဟိုပြု အဘိဓမ္မာသည် အာရှတန်ဖိုး အငြင်းအခုန် စစ်ထိုးပွဲများတွင် နိုင်ငံရေးဆုံမှတ် ဖြစ်လာသည်။ အမှန်စင်စစ်အားဖြင့် ဤငြင်းခုန်ချက်များသည် အသစ်အဆန်း မဟုတ်ပေ။ နောင်တွင် ဒီမိုကရေစီနိုင်ငံ ဖြစ်လာသည့် ဘုရင်အုပ်ချုပ်သော နိုင်ငံများက ဘုရင်မင်းမြတ်သည် အစိုးရအဖွဲ့၏ပုံစံကို ပြဋ္ဌာန်းရန် အကြွင်းမဲ့အာဏာရှိကြောင်းနှင့် နိုင်ငံသားများက အစိုးရအမိန့်ကို မလွဲမသွေ လိုက်နာရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ပဒေသရာဇ်စနစ် လက်အောက်ရှိ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှု သဘောတရားသည် လူပုဂ္ဂိုလ်တစ်ဦးချင်း လွတ်လပ်ခွင့်အခြေခံပြီး အစိုးရအပေါ် အခွင့်အာဏာ ကန့်သတ်မှုများ ပြုလုပ်ရမည်ဟူသည့် အယူအဆနှင့် လုံးလုံးလျားလျား ခြားနားသည်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခြင်းသည် အကြွင်းမဲ့ အာဏာပိုင်မှုနှင့် ဥဿုံ နာခံရေးမူများကို တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ စစ်မှန်သည့် ဒီမိုကရေစီ အစိုးရများ၏ အာဏာပိုင်မှုကို ပြည်သူ့ဆန္ဒပေါ်တွင် အခြေခံပြီး အစိုးရနှင့် ပြည်သူနှစ်ဖက်စလုံးအတွက် လိုက်နာရန် တာဝန်နှင့်ဝတ္တရားများကို ပြဋ္ဌာန်းသည်။ ‘အာရှတန်ဖိုး’ အယူအဆသည် ယခင်သက်ဦး ဆံပိုင်ပဒေသရာဇ်စနစ်၏ အတွေးအခေါ်များကို သဏ္ဌာန်သစ်ဖြင့် ပွဲထုတ်လာခြင်းမျှသာဖြစ်သည်။ အာရှတိုက်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း (C.S.O) များက ဤအကြွင်းမဲ့ အာဏာပိုင်မှု အတွေးအခေါ်ကို မအံ့သြကြပေ။ အာဏာရှင် အစိုးရများကို နိုင်ငံရေးပုံသဏ္ဌာန် အမျိုးမျိုးဖြင့် အာရှတစ်လွှားတွင် ခေတ်အဆက်ဆက် ထူထောင်ခဲ့ကြသည် မဟုတ်ပါလား။
Writer: 
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)
 
ELEVEN  
http://news-eleven.com/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%AF%E1%80%AD%E1%80%80%E1%80%B9%E1%80%80-%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%B1%E1%80%85%E1%80%9E%E1%80%AC%E1%80%B8-%E1%81%84

No comments:

Post a Comment