Sunday, August 30, 2015

မိခင်နှင့် ကွဲကျန်ရစ်ခဲ့သော ဆင်ပေါက်လေးအား လူနှင့်ယဉ်ပါးအောင် သင်ကြားပြီးပါက သစ်ထုတ်လုပ်ရေး ဒေသတစ်ခုတွင် ထိန်းသိမ်းစောင့်ရှောက်မည်

ညောင်ဦးမြို့နယ်အတွင်း မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော ဆင်ပေါက်ကလေးအား အထိန်းဆင်ကြီး နှစ်ကောင်နှင့်အတူ တွေ့ရစဉ်

နယ်ကျွံတောဆင်ရိုင်းအုပ်ကို တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်းရှိ ပုလင်းပြားကျေးရွာနှင့် အိုင်မဲကျေးရွာ အရှေ့ဘက် စွန်ကြိုးဝိုင်းအတွင်းသို့ သြဂုတ် ၂၉ ရက်က ပို့ဆောင်နိုင်ခဲ့ပြီး အဆိုပါ တောဆင်ရိုင်းအုပ်မှ မိခင်နှင့် ကွဲကျန်ရစ်ခဲ့သော ဆင်ပေါက်လေးအား လက်ရှိအချိန်တွင် လူနှင့်ယဉ်ပါးစေ ရန်သင်ကြားလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အတွင်း၌ တောရိုင်းဆင်အုပ်နှင့် ကွဲကျန်ရစ်ခဲ့သော ဆင်ပေါက်လေးကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး လူနှင့် သဟဇာတ ဖြစ်စေရန်အတွက် သင်ကြားပြီးပါက မြန်မာ့သစ်လုပ်ငန်း လက်အောက်ရှိ သစ်ထုတ်လုပ်ရေး ဒေသတစ်ခုသို့ ပို့ဆောင်ကာ ထိန်းသိမ်းစောင့်ရှောက် သွားမည်ဖြစ်ကြောင်း နယ်ကျွံတောဆင်ရိုင်းအုပ်အား မူလဒေသ ပြန်လည်ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခဲ့သူ စည်သူဒေါက်တာဝမ်ထွန်းက ပြောကြားသည်။

“ဆင်ပေါက်ကလေးကို လူတွေနဲ့ သဟဇာတဖြစ်ဖို့ ယဉ်ပါးအောင် သင်ကြားပေးပြီးရင် မြန်မာ့သစ်လုပ်ငန်းရဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုမှာ ထိန်းသိမ်းစောင့်ရှောက် ထားဖို့စီစဉ်နေပါတယ်။ ဘယ်ဒေသဖြစ်မလဲ ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ကျန်တဲ့ တောဆင်ရိုင်းငါးကောင်အုပ်ကိုတော့ မူလရည်ရွယ်ချက်အတိုင်း သူတို့ကျက်စားရာ ဒေသဖြစ်တဲ့ ရိုးမတောအတွင်းကို မြို့သစ်နဲ့ တပ်ကုန်းကြားမှာရှိတဲ့ စွန်ကြိုးဝိုင်းက တစ်ဆင့် ပြန်လည်ပို့ဆောင် နိုင်ခဲ့ပါပြီ” ဟု စည်သူဒေါက်တာဝမ်ထွန်းက ပြောကြားသည်။

နယ်ကျွံတောဆင်ရိုင်းများမှာ သြဂုတ်လ တတိယပတ်အတွင်းမှ စတင်ကာ မူလကျက်စားရာ ပဲခူးရိုးမမှ လမ်းမှားကာ ကျေးရွာများအတွင်း ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့ ဖြတ်သန်းသည့် ကျေးရွာအချို့တွင် ဒေသခံများနှင့် ထိပ်တိုက်တိုးမိရာမှ လူတစ်ဦးသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

“တောဆင်ရိုင်းအုပ်ကို မူလဒေသ ပြန်လည်ပို့ဆောင်ဖို့ လမ်းကြောင်းမလွဲအောင် ကွန်ဂျီဆင်တွေနဲ့ ဆောင်ရွက်ရတဲ့ အခြေအနေမှာ ဒေသခံရွာသူ ရွာသားတွေကြောင့် အခက်အခဲ အနည်းငယ်တော့ ရှိတာပေါ့။ ဒါပေမဲ့လည်း ဆင်အုပ်က သူတို့သွားမယ့်လမ်းကြောင်းမှာ ပိတ်ဆို့တဲ့ သဘောမျိုးကိုတောင် ရှောင်ဖယ်သွားတာမျိုး တွေ့ရတယ်။ လူကို ရန်မူတဲ့လက္ခဏာမရှိဘဲ သူတို့ကျက်စားတဲ့ ဒေသကိုပြန်တာကို တ၀ဲလည်လည်ဖြစ်ပြီး လူနဲ့ထိပ်တိုက် တွေ့ခဲ့တာလို့ ယူဆရတယ်။ ကျွန်တော်တို့ ကွန်ဂျီဆင်တွေက နောက်ကနေ လိုက်လံခြောက်လှန့်တာမျိုး မလုပ်ဘဲ ကွန်ဂျီဆင်တွေရဲ့ အနံ့နဲ့ပဲ လမ်းကြောင်းပေးခဲ့တာပါ။ ဆင်ပေါက်လေးကတော့ လက်မှာဒဏ်ရာကြောင့် ကျန်နေခဲ့တာဖြစ်ပြီး မေ့ဆေးနဲ့ပစ်ခတ် ဖမ်းဆီးခဲ့ရတာပါ။အဲဒီဆင်ပေါက်လေးကို တောဆင်ရိုင်းအုပ်ထဲ ပြန်လည်ပို့ဆောင်ဖို့ဆိုတာ အတော်မလွယ်ကူပါဘူး။ ဆင်အုပ်နောက်ကို လိုက်ရတာက အတော်ခက်ခဲပါတယ်။ ကျွန်တော်တို့နဲ့ တောဆင်ရိုင်းအုပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတာ သုံးကြိမ်ရှိခဲ့တယ်” ဟု သာယာဝတီဆင်အဖွဲ့မှ ကွန်ဂျီဆင်ဦးစီး ကိုစောမော်ဦးက ပြောကြားသည်။

Writer: 
မင်းသန့် 

Credit: EMG

No comments:

Post a Comment