Wednesday, August 26, 2015

အမေရိကန်ဂျာနယ်လစ်နှစ်ဦး ရုပ်သံသတင်း တိုက်ရိုက်တင်ဆက်နေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံး


                    ရုပ်သံအင်တာဗျူး ပြုလုပ်နေစဉ် သေနတ်ဖြင့် အပစ်မခံရမီ တွေ့ရသော အလီဆန်ပက်ကာ(ဝဲ)နှင့် ဗစ်ကီ ဂါ့ဒ်နာ (Photo:AFP)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် မွန်နီတာ အပြင်ဘက်တွင် သြဂုတ် ၂၆ ရက်၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ရုပ်သံသတင်း တိုက်ရိုက်တင်ဆက်နေသော သတင်းထောက်တစ်ဦးနှင့် ဓာတ်ပုံဆရာတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ WDBJ သတင်းဌာနမှ သတင်းထောက် အလီဆန်ပက်ကာနှင့် ဓာတ်ပုံဆရာ အဒမ်ဝါ့ဒ်တို့သည် ဒေသဆိုင်ရာ သတင်းအတွက် ပုံမှန်တွေ့ဆုံမေးမြန်းမှု တစ်ခုကို တင်ဆက်နေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုနှင့် ဆက်နွှယ်သော WDBJ သတင်းဌာနမှ သတင်းထောက်ဟောင်း ဗစ်စတာလီဖလာနာဂန်ကို ဥပဒေစိုးမိုးရေး တပ်ဖွဲ့များက အမေရိကန်အရှေ့ပိုင်းရှိ Interstate 66 အဝေးပြေးလမ်းမတွင် တွေ့ရှိခဲ့ပြီး ဖလာနာဂန်က ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့သည်ဟု တာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။ အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သော အသက် ၄၁ နှစ်ရှိ ဖလာနာဂန်ကို အနီးရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသည့် ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။




သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သံသယရှိခံရသူ ဗစ်စတာလီဖလာနာဂန်၏ ဓာတ်ပုံ (Photo:AFP)

ဖလာနာဂန်သည် Bryce Williams အမည်ဖြင့် WDBJ သတင်းထောက်အဖြစ် တစ်နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးကြောင်း ယင်းသတင်းဌာနမှ အလုပ်သမားဟောင်းတစ်ဦးက ပြောကြားခဲ့သည်။ ဖလာနာဂန်သည် အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး အလုပ်ထုတ်ခံခဲ့ရသည့် အကြောင်းရင်းကိုမူ ယင်းအလုပ်သမားဟောင်းက မပြောခဲ့ပေ။

Twitter တွင် Bryce Williams အမည်ဖြင့် အသုံးပြုသော အကောင့်၌ ဗီဒီယိုနှစ်ခု တင်ထားကြောင်း သိရပြီး တစ်စုံတစ်ဦးက WDBJ သတင်းထောက်ရှိရာသို့ လျှောက်သွားပြီး ၎င်းတို့အား သေနတ်ဖြင့်ချိန်ထားသည်ကို ရိုက်ကူးပြထားသည်။ “သေနတ်နဲ့ ပစ်တာကို ဗီဒီယို ရိုက်ထားပြီးပြီ” ဟု ရေးထားသည့် tweet တစ်ခုကိုလည်း တွေ့ရသည်။ ယင်းကဲ့သို့ ရေးခဲ့ပြီးနောက်ပိုင်း မကြာမီ Facebook နှင့် Twitter မှ ယင်းအကောင့်သည် အသုံးပြုမှု ယာယီရပ်ဆိုင်းခံခဲ့ရကြောင်း သိရသည်။

အခြားဗီဒီယိုတစ်ခုတွင် ၀ါ့ဒ်က သေနတ်သမားကို ကျောခိုင်းလျက်၊ ပက်ကာက ဘေးတိုက်၊ အင်တာဗျူးခံရသူက သေနတ်သမားကို မျက်နှာမူလျက် အနေအထားဖြင့် တွေ့ရှိရသည်။ သေနတ်သမားသည် သူ၏ဗီဒီယိုမြင်ကွင်း အနေအထားကို ငြိမ်အောင်မထားမီ သေနတ်ဖြင့်ချိန်ခြင်း၊ ထုတ်ခြင်းနှင့် ပြန်ထည့်ခြင်းတို့ကို အချိန်ယူ ပြုလုပ်ဖွယ်ရှိသည်။ သူသည် ပက်ကာကို ဦးစွာ ပစ်ခတ်ခဲ့ရာ ပက်ကာနှင့် အင်တာဗျူးခံနေရသူတို့ ကြောက်လန့်တကြား အော်ဟစ်ခဲ့ကြကြောင်း သိရသည်။

တိုက်ရိုက်ထုတ်လွှင့်နေမှုတွင် ကင်မရာသည် မြေကြီးပေါ် ကျသွားခဲ့မှုကို ရုပ်သံကြည့်နေသူများက မြင်တွေ့ခဲ့ရသည်။ ထို့ပြင် လဲကျနေသော ဓာတ်ပုံဆရာကို သေနတ်သမားက သေနတ်ဖြင့် ချိန်ထားဖွယ်ရှိသည်ကိုလည်း ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်။ အသက် ၂၄ နှစ်ရှိ ပက်ကာနှင့် အသက် ၂၇ နှစ်ရှိ ၀ါ့ဒ်တို့သည် မွန်နီတာအနီး Bridgewater ပလာဇာတွင် ပစ်ခတ်မှု၌ သေဆုံးခဲ့သည်။ အင်တာဗျူး မေးမြန်းခံနေရသော Smith Mountain Lake Regional Chamber of Commerce မှ အမှုဆောင်ညွှန်ကြားရေးမှူး ဗစ်ကီဂါ့ဒ်နာသည် နောက်ကျောသို့ ပစ်ခတ်ခံခဲ့ရ၍ ခွဲစိတ်ကုသမှု ခံယူနေကြောင်း သိရသည်။


ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သော အလီဆန်ပက်ကာ(ဝဲ)နှင့် အဒမ်ဝါ့ဒ် (ယာ) (Photo:AP)

 
သေနတ်သမားသည် သေနတ်ဖြင့် ခြောက်ချက် သို့မဟုတ် ခုနစ်ချက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူဆရကြောင်း WDBJ မှ အထွေထွေမန်နေဂျာ ဂျက်ဖ်မာ့ခ်က ပြောကြားခဲ့သည်။ သေနတ်သမားဟု ယူဆရသူသည် WDBJ မှ ၀န်ထမ်းအဖြစ် အယောင်ဆောင်ထားဖွယ်ရှိသည်ဟု ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး တယ်ရီမက်အော်လီဖီက ပြောကြားခဲ့သည်။    

ဝါ့ဒ်သည် ဗာဂျီးနီးယားနည်းပညာ တက္ကသိုလ်တွင် ဆက်သွယ်ရေးနှင့် မီဒီယာလေ့လာမှု ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုရရှိခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် WDBJ ၌ အလုပ်စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သူ၏ Facebook တွင် ဖော်ပြထားမှုအရ သိရသည်။ ပက်ကာသည် WDBJ တွင် မလုပ်ကိုင်မီ CNN သတင်းဌာနအောက်မှ WCTI-TV တွင် လုပ်ကိုင်ခဲ့ဖူးသည်။

Ref: AFP; CNN

EMG

No comments:

Post a Comment