
အကြပ်အတည်းများ ကျွန်တော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ်သာမက အမျိုးမျိုးသောအကြပ်အတည်းပေါင်းစုံ ဆိုက်ရောက်နေခဲ့ရပါတယ်။ စီးပွားရေးပြဿနာ၊ ပညာရေးပြဿနာ၊ လူမျိုးရေးပြဿနာ၊ ဒီမိုကရေစီရေးပြဿနာ၊ အမျိုးသားလွတ်လပ်ရေး၊ ကြားနေရေးတို့ကိုထိခိုက်စေမယ့် တရုတ်ဖြူနဲ့ ဆီးတိုးပြဿနာ စသည်တို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုနဲ့ ပညာရေးပြဿနာများကို အနည်းငယ်ပြောပြလိုပါတယ်။ နယ်ချဲ့သမားများဟာ အခြားနိုင်ငံများမှာကဲ့သို့ ယဉ်ကျေးမှုနယ်ပယ်မှာလည်း အမျိုးသားယဉ်ကျေးမှုနဲ့ မျိုးချစ်စိတ်ဓာတ်ဆုတ်ယုတ်အောင် ကြီးမားစွာ ဝင်ရောက်နှောင့်ယှက် လျက်ရှိ တယ်။ ပြည်သူတို့ရဲ့ နိုင်ငံရေး အသိတုံးအောင်နဲ့ ရှုပ်ထွေးအောင်၊ အချို့မှာ ပေါ့ပေါ့ဆဆ စာရိတ္တယိမ်းယိုင်အောင် နည်းမျိုးစုံဖြင့် လုပ်ကြ ပါတယ်။ ပညာရေး ပညာရေးနဲ့ စပ်လျဉ်းလို့လည်း နယ်ချဲ့အမှီခိုကင်းတဲ့ အမျိုးသားစီးပွားရေး ထူထောင်မှု အတွက် တကယ်လက်တွေ့လုပ်နိုင်မဲ့ အတတ် ပညာသည်များ ပေါ်ပေါက်လာမှာကို သူတို့ မလိုလားကြဘူး။ နည်းလမ်းရှိသမျှ နှောင့်ယှက်ကြတယ်။
ပညာရေးစနစ်မှာလည်း ခေတ်မီ စက်မှုလက်မှုနဲ့ လယ်ယာတိုးတက်ထွန်းကားရေးကို ဦးမတည်နိုင်တဲ့အတွက် ကျောင်းကထွက်ပြီးလုပ်ဖို့ စီးပွားရေးလုပ်ငန်းများ မရှိဖြစ် နေရတယ်။ ဒါကြောင့် ကိုလိုနီပညာရေးမှာလို စီးပွားရေးနောက်ခံမပါတဲ့ ပညာရေးစနစ်ဖြစ်နေပြီး များစွာ အကြပ်ရိုက်နေပါတယ်။ ဒီမိုကရေစီရေး ဒီမိုကရေစီရေးနဲ့ပတ်သက်လို့ ပြေရရင်လည်း ဒီမိုကရေစီဟာ တစုံတခုသောနိုင်ငံရေးရဲ့ အစိတ်အပိုင်းတရပ်သာ ဖြစ်ပါတယ်။ တည်ရှိ နေ တဲ့ စီးပွားရေးစနစ်တရပ်မှ ဆင်းသက်လာတဲ့ အသွင်အပြင်တရပ် ဖြစ်ပါတယ်။ ပြည်သူတို့ဟာ ဒီနယ်ချဲ့စနစ်ကြောင့် ဆင်းရဲကြပ်တည်းမှု မှ လွတ်မြောက်ရေး လှုပ်ရှားမှုကို ပုံစံအမျိုးမျိုးဖြင့် လူးလွန့်လှုပ်ရှား တိုက်ပွဲဝင်ကြရပါတယ်။ ဒီတိုက်ပွဲကို နယ်ချဲ့စနစ်ကို သူ့ရဲ့အကျိုး စီးပွား ထိန်းသိမ်းရေးအတွက် သွေးခွဲရေး ဖိနှိပ်ရေးစတဲ့ အမျိုးမျိုးသောနည်းများကို သုံးလာရပါတယ်။ ဒီလိုနဲ့ ဒီမိုကရေစီပြဿနာ ပေါ်လာ ရပါတယ်။ ထို့ကြောင့် ဒီမိုကရေစီတည်တံ့ဖွံ့ဖြိုးရေး ဟာ ပြည်သူတို့ကို ဖိနှိပ်ထားတဲ့ နယ်ချဲ့စီးပွားရေးစနစ် ဆန့်ကျင်ရေးတိုက်ပွဲနဲ့ တဆက်တည်း ရှိနေပါတယ်။ အဲဒါကြောင့် ဒီတိုက်ပွဲကိုမဆင်နွှဲနိုင်ဘဲ ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေးဟာ မဖြစ်နိုင်ပါ။ ကျွန်တော်တို့ ယခုဖြစ်ပျက်နေရတဲ့ ပဋိပက္ခတိုက်ပွဲများဟာ ရန်သူနယ်ချဲ့သမားများနဲ့ ရှေးကတည်းက ဖြစ်လာရတဲ့ လွတ်လပ်ရေးတိုက်ပွဲ များရဲ့ အဆက်ဖြစ်ပါတယ်။ နယ်ချဲ့စနစ်လောင်းရိပ်အောက်မှာ ဒီလိုအကြပ်အတည်းတွေ မရှောင်နိုင်ကြဘူး။ ကြီးမားတဲ့ ပြည်သူတို့ရဲ့ လှုပ်ရှားမှုနဲ့သာ ကျော်ဖြတ်ကြရမယ်။ လွတ်လပ်ပြီးစ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျော်ဖြတ်ပုံ ပုံစံတွေ အများအပြား တွေ့မြင် နေကြ ရတာပဲ။
ကျွန်တော်တို့ဟာ အထက်ကပြောခဲ့တဲ့ တော်လှန်ရေးလမ်းကြောင်းမှန် အတိုင်း နယ်ချဲ့စနစ်မှ လွတ်ကင်းတဲ့ အမျိုးသားစီးပွားရေးနဲ့ ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ရေးကို ချီတက်နိုင်ကြမယ်ဆိုရင် ယခုလို ပြည်တွင်းစစ်ကြီး လည်း ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ ယခုလို အကြပ်အတည်းမျိုးစုံ လည်း ဆိုက်ရောက်ကြရမှာ မဟုတ်ဘူး။ အထက်ကဖော်ပြသလို ထူထောင်နိုင်တဲ့ နိုင်ငံတွေမှာ ဒီလို ပြည်တွင်းစစ်နဲ့ အကြပ်အတည်းများ မပေါ်ဘဲ တမျိုးသားလုံး တတ်တတ်ြ<ွကြ<ွက သူတို့ရဲ့အမျိုးသားစီးပွားရေး ထူထောင်မှုတွေမှာ ဇောက်ချလုပ်နေကြပါတယ်။ ပြည်တွင်းစစ်ကို ဘယ်လိုရပ်စဲမလဲ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်နဲ့ အခြားပြဿနာအားလုံးရဲ့ အရင်းခံအညှာဟာ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို လုပ်နိုင်ဖို့အတွက် အမျိုးမျိုး စွက်ဖက်ချယ်လှယ်နေတဲ့ နယ်ချဲ့စနစ်ကို ဆန့်ကျင်ဖို့၊ ဖယ်ရှားပစ် ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ယခုဖြစ်နေတဲ့ အထွေထွေပြည်တွင်းစစ်ကြီးကို ရပ်စဲတဲ့ နေရာမှာ ဖြစ်ရတဲ့အကြောင်း တရားတွေကို ဖယ်ရှားပစ်နိုင်တဲ့ ထိန်းသိမ်းချုပ်ကိုင်နိုင်တဲ့ လမ်းစ လမ်းကြောင်းပေါ်မှာ ရပ်နိုင်ကြမှ သာ တည်ငြိမ်ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစီးပွားရေးလမ်းကြောင်းကို ချီတက်နိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် တိုက်ရိုက်နစ်နာဆုံးရှုံးရပုံ နောက် ယခုပြည်တွင်းစစ်ကြောင့် တိုင်းပြည်နဲ့ ပြည်သူတို့ တိုက်ရိုက်ထိခိုက်ကြရတဲ့ အချက်အချို့ကိုလည်း အနည်းငယ် ဆက်လက် တင်ပြလိုပါတယ်။ ၁၉၅၇ ခုနှစ်အထိ အစိုးရစာရင်းအင်းများအရ အောက်ပါအတိုင်း သိရပါတယ်။ ပြည်တွင်း စစ်ကြောင့် ရွာကြီးပေါင်း (၃ဝဝဝ) ကျော် မီး လောင်ပြောင်းရွှေ့ ပျက်စီးခဲ့ရတယ်။
လူ ၄ သောင်းကျော် သေကြေပျက်စီးခဲ့ကြရတယ်။ ပြည်သူ့အိုးအိမ်နဲ့ ကုဋေငါးရာကျော် ပျက်စီး ခဲ့ရတယ်။ နောက် ပြည်တွင်းစစ်အတွက် ပြည်သူ့အခွန်အတုတ်ကိုလည်း သုံးငွေဘတ်ဂျက်ကြီး တခုလုံးရဲ့ ၆ဝ ရာခိုင်နှုန်းကို နှစ်တိုင်း သုံးခဲ့ရတယ်။ စစ်ဘတ်ဂျက်ကို ကြည့်မယ်ဆိုရင် ပြည်တွင်းစစ်မဖြစ်ခင် ၁၉၄၆-၄၇ ခုနှစ်က ၄ ကုဋေ ၁ သန်းသာကုန်ခဲ့သော်လည်း ဟုန်းကနဲတိုးတက် လာပြီး လွန်ခဲ့တဲ့နှစ်က ၄၂ ကုဋေအထိ ဖြစ်ခဲ့တယ်။ ယခုနှစ် ၁၉၆၁-၆၂ မှာ ၄၂ ကုဋေခန့် ဖြစ်ပါတယ်။ ရဲအဖွဲ့ဘတ်ဂျက်ကလည်း ပြည်တွင်းစစ်မဖြစ်ခင် ၁၉၄၆-၄၇ ခုနှစ်က ၅ ကုဋေမှ နောက်ဆုံး ၁၉၆၁-၆၂ ခုနှစ်မှာ ၁၂ ကုဋေနီးပါးအထိ တိုးလာတယ်။ ၁၃ နှစ်အတွင်း ပြည်သူတို့ဟာ ကုဋေ ၄ဝဝ မျှ ပြည်တွင်းစစ်ဘတ်ဂျက်စရိတ်ကို ပေးခဲ့ရပြီးဖြစ်တယ်။ ဒီအပြင် ပြည်တွင်းစစ်စရိတ် 'ကာ' မိဖို့ ကုန်ပစ္စည်း များပေါ်မှာ အစိုးရက အခွန်အကောက်များ ကြီးလေးစွာ ကောက်လာရတဲ့အတွက် ကုန်ဈေးနှုန်းများ ၆ ဆကျော်တက်လာလို့ ပြည်သူ အများ များစွာထိခိုက်နစ်နာခဲ့ရတယ်။ ပြည်သူတို့အပေါ် တိုက်ရိုက်ကောက်ခံတဲ့ အခွန်တွေဟာလည်း ပြည်တွင်းစစ်အစမှာ ၅၃ ကုဋေကျော်က ယခု ၁၉၆၁-၆၂ ခုနှစ်မှာ ၁၁၂ ကုဋေအထိ နှစ်ဆကျော်တိုးပြီး ကောက်လာရတယ်။ ဒီနောက် ပြည်သူတို့ရဲ့ ကုန်ထုတ်လုပ်ငန်းများမှာလည်း ပြည်တွင်းစစ်ဖြစ်ခါစ စောစောပိုင်းနှစ်နှစ်မှာ ၄၂ ကုဋေမျှ လျော့ပါးခဲ့ရတယ်။ ယခုအထိ စစ်ကြီးမဖြစ်မီက လူတဦးစီ ကုန်ထုတ်လုပ်ငန်းနဲ့ စားသုံးမှုအဆင့်အတန်းကို မမှီနိုင်သေးဘဲ ဖြစ်နေသေးတယ်။
အစိုးရအဖို့ ပြည်တွင်းစစ်စရိတ်ကြီးလွန်းလို့ ပြည်တွင်း ပြည်ပြေ<ွကးတွေ အမြောက်အမြား တင်နေရတယ်။ ပြည်ပကြွေး ၁၉၆ဝ-၆၁ ခုနှစ် ဘဏ္ဍာနှစ် ကုန်ဆုံးသော စက်တင်ဘာလအထိ ၃၉.၂ ကုဋေ (ကုဋေ ၄ဝ)၊ ပြည်တွင်းကြွေး (အဓိက ငွေစု လက်မှတ်ရောင်းပြီး ပြည်သူတို့ထံမှ ချေးယူထားသောငွေများ) ၁၉၆ဝ ခု စက်တင်ဘာလ ၃ဝ ရက်နေ့အထိ ၁၄၉.၃ ကုဋေ (ကုဋေ ၁၅ဝ) ရှိပါသည်။ ဒီအပြင် နိုင်ငံအစိုးရဟာ ပြည်တွင်းစစ်ကြောင့် ဘတ်ဂျက်လိုငွေကို ချေးငွေနဲ့ မကာနိုင်တဲ့ အခါ ငွေစက္ကူများကို ပို၍ ပို၍ ထုတ်ခြင်းဖြင့် ဖြေရှင်းပါတယ်။ ဒီနည်းဟာ ကုန်ထုတ်လုပ်ငန်း ကလည်း တဖက်ကကျဆင်းတဲ့အခါမျိုးမှာ ငွေကြေးဖောင်းပွမှုကိုဖြစ်စေပြီး အကြပ် အတည်းကိုတိုးပြီး နက်ရှိုင်းစေပါတယ်။ ယခု ၁၉၆၁-၆၂ ခုနှစ်ဘတ်ဂျက်မှာလည်း တဖက်မှာ ပြည်တွင်းစစ်ကို ၁၉၈၃ နှစ် နောက်ဆုံးထားပြီး အပြုတ်တိုက်မယ်လို့ ကြွေးကြော် ပြီး တဖက်ကဘတ်ဂျက်လိုငွေကို ငွေထပ်ချေးခြင်း ထပ်ပြီး ပြည်သူတို့ထံက အခွန်တိုးကောက်ခြင်းနဲ့ ငွေစက္ကူထုတ်လုပ်ခြင်းများပေါ်မှာ ဆက်လက်မှီခိုထားကြောင်း အတိအလင်း ဖော်ပြထားပါတယ်။ ဒါတွေဟာ ပြည်တွင်းစစ်ကြောင့် တိုက်ရိုက်နစ်နာခဲ့ရခြင်းများ ဖြစ်ပါတယ်။ နှစ်ထပ်ကွမ်း နစ်နာရတယ် နယ်ချဲ့စီးပွားရေးစနစ်နဲ့ အမျိုးမျိုးသော စွက်ဖက်မှုကြောင့် ကျွန်တော်တို့ရဲ့ အမျိုးသား စီးပွားရေး၊ ဒီမိုကရေစီရေးတို့ကို မချီတက်နိုင်တဲ့ အပြင် ပြည်သူတို့ အသက်အိုးအိမ်နဲ့ အကျိုး စီးပွားများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ဒီစီးပွားရေးစနစ်ကြောင့် ကျွန်တော်တို့ဟာ ရှေ့မတိုးနိုင်ဘဲ ယခုလို တိုက်ရိုက်နစ်နာချက် တွေကြောင့် ပြည်သူတို့မှာ နှစ်ထပ်ကွမ်း နစ်နာနေရပါတယ်။ ဒီ့ပြင် စီးပွားရေးကြပ်တည်းမှုနဲ့ လွတ်လပ်ရေးအန္တရာယ် တိုင်းရင်းအမျိုးသားများ စည်းလုံး ညီညွတ်ရေးပြိုကွဲမှုအန္တရာယ်တွေ ကြီးမားစွာ ကျရောက်နေပါတယ်။
ဒါကြောင့် အထက်ကပြောခဲ့တဲ့အတိုင်း ပြည်သူတို့ကို အကျိုးပြုနိုင်မယ့် ပြည်သူ့တော်လှန်ရေး လမ်းကြောင်းပေါ် ပြန်ရောက်မယ့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားအကျိုး လုပ်ဆောင်နိုင်ရေးလမ်းကြောင်းပေါ်မှာ ချီတက်နိုင်ကြဖို့ လက်ရှိပြည်တွင်းစစ်ကို သဘာဝတ္တကျစွာ၊ ဒီမိုကရေစီကျစွာ ရပ်စဲကြဖို့လိုပါတယ်။ ပြည်သူတို့ကို လျင်မြန်စွာအကျိုးပြုစေမယ့် နည်းလမ်းဖြင့် ရပ်စဲကြဖို့လိုပါတယ်။ စစ်ရပ်စဲနည်း ၂ နည်း ဒါကြောင့် လက်ရှိပြည်တွင်းစစ်ကြီးကို လျင်မြန်စွာ ပြည်သူတို့ကို အကျိုးရှိစေမယ့် သဘာဝတ္တကျစွာ ရပ်စဲဖို့ နည်းလမ်းများ ရှာဖေဖို့လိုပါ တယ်။ စစ်ကိုရပ်စဲတဲ့နည်းလမ်း ၂ နည်း ၂ မျိုးရှိတာကို ကျွန်တော်တွေ့ရပါတယ်။ ပထမ တနည်းကတော့ အပြုတ်တိုက်ရေး၊ တနည်း အားဖြင့် တဖက်က တဖက်ကို လက်နက်ချ အရှုံးပေးစေတဲ့ နည်းဖြစ်ပြီး နောက်တနည်းကတော့ တဖက်နဲ့တဖက် ဆွေးနွေးဖြေရှင်းပြီး ရပ်စဲတဲ့နည်းဆိုပြီး ၂ နည်း ရှိပါတယ်။ ပထမအပြုတ်တိုက်ရေးနည်းကတော့ တဖက်ကတဖက်ကို အပြတ်အသတ် တိုက်ခိုက်အနိုင်ယူအရှုံးပေးစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒုတိယဆွေးနွေးဖြေရှင်းယူတဲ့နည်းကတော့ အကြောင်းအမျိုးမျိုးတို့ကြောင့် တဖက်နဲ့ တဖက် အပြတ်အသတ်ပြီးဆုံးသည့်တိုင်အောင် မတိုက်ကြတော့ဘဲ နှစ်ဦးနှစ်ဖက် မိမိတို့ အခြေအနေပေါ်မှာရပ်တည်ပြီး ဆွေးနွေးဖြေရှင်းနိုင်တဲ့ နည်းဖြစ်ပါတယ်။
ဒီ ၂ နည်းထဲက လက်ရှိပြည်တွင်းစစ်ကြီးကို ဘယ်နည်းနဲပ ရပ်စဲသင့်တယ်ဆိုတာကို ကြည့်ကြမယ်ဆိုရင် အပြုတ်တိုက်ရေး လက်နက်ချ ရေးဆိုတဲ့ ပထမနည်းလမ်းဟာ ၁၃ နှစ် ကြာခဲ့ပါပြီ။ ပြည်သူတို့များစွာ နစ်နာခဲ့ပါပြီ။ အပြုတ်တိုက်ရေးကို နှစ်ပိုင်းလပိုင်းနဲ့ ကတိအမျိုးမျိုးကို ပုဂ္ဂိုလ်အမျိုးမျိုး က အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ကြီးဟာ ရှိမြဲရှိနေပြီး သူပုန်အမျိုးအစားများသာ တမျိုးပြီး တမျိုး တိုးလာပါတယ်။ ဒါကြောင့် ဒီနည်းဟာ မအောင်မြင်နိုင်ကြောင်း ၁၃ နှစ် ဘဝအသိနဲ့ ပြည်သူအားလုံး သိကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် အပြုတ်တိုက် ရေးနည်းဟာ ရှည်လျားမည်ဖြစ်ပါတယ်။ ဒီနည်းနဲ့ဆက်သွားကြရင် ရှေ့ဘယ်လောက်ကြာအုံးမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပါ။ ပြည်သူတို့မှာလည်း တန်ဖိုးများစွာ ဆက်လက်ပေးကြရအုံးမယ့်နည်း ဖြစ်ပါတယ်။ အမြန်ရပ်စဲဖို့ နည်းကတော့ လက်ရှိအခြေအနေအရ ပြည်တွင်းစစ်ဒဏ် ၁၃ နှစ်ကျော်ခံခဲ့ရသော ပြည်သူတို့မှာလည်း များစွာကြပ်တည်းဆင်းရဲလှပြီ ဖြစ်ပါတယ်။ အကယ်၍ ပြည်သူအကျိုးကိုသာ ကြည့်ကြမယ်ဆိုရင် လက်ရှိပြည်တွင်းစစ်ကို အလျင် အမြန် ရပ်စဲဖို့နည်းလမ်းဟာ ဆွေးနွေးဖြေရှင်းယူတဲ့ နည်းလမ်းမှတပါး အခြားမရှိပါ။ ဒီနည်းဟာ ပြဿနာများကို ပြေပြေလည်လည် ဖြေရှင်းယူတဲ့နည်းလမ်းဖြစ်လို့ စစ်ရပ်စဲပြီးတဲ့နောက် အနာ ဂတ်ငြိမ်းချမ်းရေးကို ပိုမိုတည်ငြိမ်စေနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ အနာဂတ် ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေးကိုလည်း အကျိုးပြုပါလိမ့် မယ်။
ဆွေးနွေးဖြေရှင်းပြီးယူတဲ့ နည်းဟာ ဒီနည်းဟာ ရဟန်းရှင်လူပြည်သူအပေါင်းတို့ က နှစ်ခြိုက်တဲ့နည်း လည်း ဖြစ်ပါတယ်။ ဒီနည်းဟာ နယ်ချဲ့အမှီခိုကင်းတဲ့ အမျိုးသား စီးပွား ရေး ထူထောင်ရေးနဲ့ ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေးကို လျင်မြန်စွာ ချီတက်နိုင် မည် ဖြစ်ပါတယ်။ ပန်ကြားပါတယ် ဒါကြောင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲစဉ်မှာ တစဉ်တစိုက်ပါဝင်ဦးဆောင်ခဲ့တဲ့ မျိုးချစ် ပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ ငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ကျွန်တော်တို့ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က ပြည်သူတို့အကျိုးအတွက် ပြည်တွင်းစစ် ကို အပြုတ် တိုက်ရေးနည်းမဟုတ်တဲ့ ဆရာကြီး တစဉ်တစိုက်ပန်ကြားခဲ့တဲ့ ဆွေးနွေးဖြေရှင်းယူတဲ့ နည်းနဲ့ ပြေလည်အောင် ဖြေရှင်းပြီး ရပ်စဲကြဖို့ ထပ်မံပြီး လေးနက်စွာ ပန်ကြားအပ်ပါတယ်။ လွတ်ငြိမ်းခွင့်နဲ့ တရားဝင်တည်ရှိခွင့် ဒီနေရာမှာ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ကတင်ပြ တဲ့ ဆွေးနွေးဖြေရှင်း တဲ့နည်းနဲ့ ပြည်တွင်းစစ်ရပ်ရေးအပေါ်မှာ အချို့ပုဂ္ဂိုလ် တို့ အယူအဆအချို့နဲ့ပတ်သက်ပြီး အနည်းငယ် ဝေဖန်တင်ပြလိုပါတယ်။ ဒီနေရာမှာ အချို့ကပြောကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင်တည်ရှိခွင့်ပေးရင် ဝင်လာကြဖို့ဆိုတဲ့ သဘောထားနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး လားလို့ ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်သတင်းစာကွန်ဖရင့်မှာ ကျွန်တော်တို့ ပြောပြခဲ့ဖူးပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင် တည်ရှိ ခွင့်ဆိုတဲ့ အချက် ၂ ချက်ကို စဉ်းစားပါတယ်။ ဒီ ၂ ချက်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီလို့ မယူဆပါ။ ဒီ ၂ ချက်ဟာ သူပုန်များမြေပေါ် ရောက်ရေးလောက်သာ ဖြစ်နိုင်ပါတယ်။ သူပုန်များမြေပေါ်ရောက်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ကွာလှမ်းနေပါသေးတယ်။ ငြိမ်းချမ်းရေး ရဖို့ အဓိကကတော့ မြေပေါ်ရောက်ရေး အတွက် လောက်နဲ့ မပြီးပါ။ မြေပေါ်ရောက်ပြီး ဘယ်လောက် လက်တွေ့အားဖြင့် နိုင်ငံရေးဆက်ပြီး လုပ်ကိုင်ခွင့်ရှိတယ် မရှိဘူးဆိုတဲ့အပေါ်မှာ တည်နေပါတယ်။
မြေပေါ်ရောက်ပြီးတဲ့နောက် သူတို့ယုံကြည်တဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်လုပ်ငန်းများကို ဆောင်ရွက်ခွင့် ဘယ် လောက်ရရှိတယ် မရှိတယ်အပေါ်မှာ ငြိမ်းချမ်းရေးဟာ အဓိက တည်ရှိနေပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းကလည်း လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ဆိုင်းဘုတ်တရားဝင်တင်ခွင့်ကြောင့် မဟုတ်သေးဘူးလို့ ယူဆပါတယ်။
အပိုင်း(၂) ဆက်ရန်
By ဆရာကြီး သခင်ကိုယ်တော်မှိုင်း
No comments:
Post a Comment