ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ကျော်ဇော၏ မိန့်ခွန်း ကောက်နှုတ်ချက်(အပိုင်း - ၂)
သူပုန်ပါတီများကို မတရားသင်းကြေညာတာဟာ သူပုန်ထပြီးနောက် ၄ နှစ်လောက် ကြာမှ
ဖြစ်ပါတယ်။ အဓိကကတော့ သူတို့ယုံကြည် တဲ့ အမျိုးသားရေး နိုင်ငံရေးလမ်းစဉ်
လုပ်ငန်းများလုပ်ရင်းက နိုင်ငံရေးအကြပ်အတည်း ဒီမိုကရေစီအကြပ်အတည်းဆိုက်လာပြီးတော့ တောထဲရောက်ကြ ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဆိုင်းဘုတ်တင်ရဖို့ ပြဿနာကြောင့် ပြည်တွင်းစစ်ဖြစ်ရခြင်းမဟုတ်ဘူးလို့ ယူဆပါတယ်။
စစ်အစိုးရခေတ်မှာ အားလုံးသိကြတဲ့အတိုင်း ဘယ်ပါတီမှ မတရားသင်း မကြေညာပါ။
တရားဝင်ရပ်တည်ခွင့် ရှိကြတာပဲ။ ဒါပေမယ့် ဘယ် ပါတီမှ ထိထိရောက်ရောက်
လှုပ်ရှားနိုင်ခြင်း မရှိခဲ့ပါ။ ဒါကြောင့် ဆိုင်းဘုတ်တင်ခွင့်နဲ့
နိုင်ငံရေးလုပ်ဆောင်ခွင့်ဟာ ကွာလှမ်း နေပါတယ်။
ဒီမိုကရေစီနဲ့ပတ်သက်လို့ ယခုကျွန်တော်တို့ မြင်တွေ့နေရတဲ့အတိုင်းပြောရရင်
အဖွဲ့အစည်းအသီးသီးအပေါ်မှာ ဒီမိုကရေစီအတိုင်း အတာ အမျိုးမျိုးတွေ့ရပါတယ်။
အချို့အဖွဲ့တွေမှာ ဒီမိုကရေစီ အတော်အတန်ရှိတယ်။ အချို့မှာ အနည်းအကျဉ်းသာ
ရှိတယ်။ တချို့မှာ လုံးဝရှိချင်မှ ရှိမယ်။ ဒီမိုကရေစီ အတိုင်းအတာဟာ
လူ့အဖွဲ့အစည်း အတန်းအစား အမျိုးမျိုးကိုလိုက်ပြီး အချိန်အခါ အခြေအနေအလိုက်
ဒီမိုကရေစီအမျိုးမျိုး ကွဲပြားပါတယ်။ ဥပမာ လွန်ခဲ့တဲ့ ၁၉၅၈ ခုနှစ်က
မြေပေါ်ရောက်လာကြတဲ့ ပါတီတွေရှိတယ်။ အချို့ပါတီတွေဟာ
ပိုမိုလှုပ်ရှားနိုင်ကြတယ်။
အချို့ပါတီအဖို့ အဖမ်းအဆီး အဖိအနှိပ်ပိုပြီး
ခံရတယ်။ ရှမ်းနဲ့ ကချင်အမျိုးသားများ သူပုန်ထပ်ပြီး ထလာတာဟာ
ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းတရားတွေရှိနေလို့ ဖြစ်ရခြင်းဖြစ်တယ်။
ဒီတော့ ငြိမ်းချမ်းရေးအတွက် ဒီ ၂ ချက်နဲ့ပတ်သက်လို့ ကျွန်တော်တို့အဖို့
ဆရာကြီးက မကြာခဏပြောဖူးသလို ပန်းဘဲမောင်တင့်တယ်တို့၊ ဆရာစံတို့ ဖမ်းပေးသလို
ဖြစ်မှာစိုးရတယ်။ ဒီလိုဖြစ်ရင် ရာဇဝင်မှာလည်း မကောင်းဘူး။
ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်လို့ ကျွန်တော်တို့ ထပ်ပြီး နောက်ထပ်
ငြိမ်းချမ်းရေးလုပ်ဖို့ များစွာခက်ပါလိမ့်မယ်။
ဒီတော့ တကယ်ငြိမ်းချမ်းရေးရရှိဖို့ကတော့ တမျိုးသားလုံးအကျိုးအတွက် ဒီမိုကရေစီ အတိုင်းအတာ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်နဲ့
လုပ်ဆောင်နိုင်ခွင့် ရှိကြတယ် မရှိကြဘူးဆိုတဲ့ အချက်ပေါ်မှာ အဓိက တည်ပါတယ်။
စစ်ရပ်စဲပြီးနောက် မိမိတို့ အမျိုးသားရေးလုပ်ငန်းများ ကို
ပြည်သူလူထုကြီးကိုယ်တိုင် အချုပ်အချယ်မရှိ လွတ်လပ်ကျယ်ပြန့်စွာ
လုပ်ဆောင်သွားနိုင်ဖို့ လိုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင်တည်ရှိခွင့်ဆိုတဲ့ သာမန် အချက် ၂ ချက်နဲ့
ငြိမ်းချမ်းရေး တည်ဆောက်နိုင် ပြီလို့ မယူဆနိုင်ခြင်းဖြစ်ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လက်နက်ချရေး
ဒီနေရာမှာ တချို့ကပြောပါတယ်။ သူပုန်များနဲ့ ဆွေးနွေးဖို့မလိုဘူး။ သူတို့ဟာ
နယ်ချဲ့ကို တကယ်တိုက်ချင်ရင် ပြည်သူ့ အကျိုးကို တကယ်လုပ်ချင်ကြရင်
အားလုံးလက်နက်ချပြီး ဝင်သင့်တယ်လို့ ပြောကြပါတယ်။
မှန်ပါတယ်။
ဒါပေမဲ့ ပြဿနာများကို ယထာဘူတကျကျ ကြည့်ဖို့လိုပါတယ်။ အစိုးရ အနေနဲ့
လွတ်လပ်ရေးရပြီးတဲ့နောက် လုပ်ကြရမယ့် တော်လှန်ရေးလမ်းကြောင်းအတိုင်း
ပြည်သူတို့ အကျိုးအတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစီးပွားရေး၊
ဒီမိုကရေစီ ထူထောင်ရေး တို့ကို တကယ် ရွက်ကုန်ဖွင့်ပြီး လုပ်ကြမယ်ဆိုရင်
ဟုတ်ပါတယ်။ အမျိုးသားအကျိုး တကယ်လုပ်ကြမယ် ဆိုရင် နယ်ချဲ့ရဲ့ အချုပ်အချယ်
တွေ စီးပွားရေးလွှမ်းမိုးချယ်လှယ်မှုတွေကို တိုက်ထုတ်ပြီးမှ လုပ်နိုင်ကြမည်ဖြစ်ပါတယ်။ နယ်ချဲ့စနစ်အောက်မှာ လုပ်နိုင်မည်မဟုတ်ပါ။
အစကတည်းက ဒီလမ်းကြောင်းပေါ်မှာသာ ရပ်တည်ကြမယ်ဆိုရင်
ယခုပြည်တွင်းစစ်ကြီး
ဖြစ်လာဖို့အကြောင်းတောင် မရှိနိုင်ပါ။ ပြည်တွင်းစစ် ဆက်ဖြစ်ဖို့လည်း
အကြောင်းမရှိပါ။ ဒီလောက် ရေရှည် အထွေထွေပြည်တွင်းစစ်ကြီးဖြစ်နေရတာဟာ ဒီအချက်ကို ထင်ရှား စေပါတယ်။
တကယ်လို့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစီးပွားရေးကို အိတ်သွန်ဖာမှောက်ဇောက်ချပြီး လုပ်ကြမယ်ဆိုရင်လည်း အမျိုးသား အချင်း ချင်း ဖြစ်နေရတဲ့ ဒီပြည်တွင်းစစ်ကြီးကို နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားအကျိုးပြုရေးလမ်းကြောင်းပေါ်မှာ ဒီမိုကရေစီကျကျ အချင်းချင်း ဘာပြုလို့ ဆွေးနွေး ဖြေရှင်းတဲ့နည်းနဲ့ မရပ်စဲနိုင်ရမှာလဲ။ နယ်ချဲ့ကျူးကျော်ရေးသမားဖြစ်တဲ့
တရုတ်ဖြူတွေနဲ့တောင် တစားပွဲထဲထိုင်ပြီး ဆွေးနွေးဖြေရှင်းခဲ့ကြရင်
ကိုယ့်အမျိုးသားချင်းဟာ ပြည်သူလူထုကြီးရဲ့ အကျိုးကိုရှေ့ရှုပြီး ဘာကြောင့်
မဆွေးနွေး မဖြေရှင်းနိုင်ရမှာလဲ။
ဝန်ကြီးချုပ်ပါလီမန်မိန့်ခွန်းပေါ်သဘောထား
ဆက်လက်ပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပါလီမန် မိန့်ခွန်းနဲ့ပတ်သက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့၏ သဘောထားကို တင်ပြလိုပါတယ်။ ဒါကိုခြုံ၍ ကြည့်မယ်ဆိုရင်-
(က) မိန့်ခွန်းအစမှာ ၂ နှစ်အတွင်း အပြုတ်တိုက်မယ့်သဘောများ ဖော်ပြထားသော်လည်း မိန့်ခွန်းရဲ့အဆုံးပိုင်းမှာ အမျိုးသားညီလာခံနဲ့ ပတ်သက်ပြီး ပြောဆိုချက်များဟာ ပိုမိုနှုးညံ့ ပျော့ပြောင်း စွာ တင်ပြထားတာကို တွေ့ရပါတယ်။
(ခ) အခုလို အပြုတ်တိုက်ရေး လွှမ်းမိုးတဲ့ကာလမှာ ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အာရုံပြုလာစရာ အကြောင်းဖြစ်ပါတယ်။
(ဂ) မည်သို့ဖြစ်စေ မိန့်ခွန်းတခုလုံးမှာ ဘာလင်အရေးနဲ့ လော
ပြည်တွင်းစစ်ရပ်စဲရေးစတဲ့ ပြဿနာများကို ဖြေရှင်းရာမှာ ငြိမ်းချမ်းရေးကို
ရှေ့ရှုပြီး ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းတဲ့နည်းလမ်းနဲ့
ပြဿနာများကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားရှိခြင်းနဲ့
ဒီနည်းဖြင့် ဖြေရှင်းကြဖို့ တိုက်တွန်း တင်ပြခြင်းတို့ကို
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က ကြိုဆိုပါတယ်။ နောက်ပြီး ပါလီမန်ဒီမိုကရေစီတည်ဆောက်ရေး အမျိုးသားညီလာခံ ခေါ်ဆိုကျင်းပရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စပ်လျဉ်းပြီးတော့ ဝန်ကြီးချုပ်ရဲ့ပြောကြားချက်များကို အောက်ပါအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က သဘောထားပါတယ်။
(က) ဝန်ကြီးချုပ် တင်ပြချက်များဟာ ပထမအားဖြင့် စစ်တခုကို ရပ်စဲနိုင်တဲ့
လက်တွေ့ သဘောတရားနဲ့ ဆန့်ကျင်နေပါတယ်။ စစ်တခုကို ဆွေးနွေး ဖြေရှင်းပြီး
ရပ်စဲတဲ့အခါ စစ်မရပ်စဲခင် မိမိတို့ရဲ့ အခြေခံပြဿနာများကို ပြေလည်အောင်
ဆွေးနွေးကြေလည်ပြီးမှသာ ရပ်စဲနိုင်ကြပါတယ်။
(ခ) အခုတော့ ဆွေးနွေးမှုဟာဒုတိယ၊ စစ်ကို ပထမရပ်ရမယ့်သဘော ဖြစ်နေပါတယ်။ ဒါဟာ အခြေခံအားဖြင့် လက်တွေ့မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
(ဂ) ဒီလိုပြောလာခြင်းဟာ ယခင်က လက်နက်ချရေးကို ဦးတည်ပြီးပြောကြတဲ့အတိုင်း ''သူပုန်များက ဆွေးနွေးချင်ရင် လက်နက်ချပြီးမှ ဆွေးနွေးပါ''ဆိုတဲ့ စကားနဲ့ တသဘောတည်း ဖြစ်ပါတယ်။
(ဃ) ဒါကြောင့် ဝန်ကြီးချုပ်ပြောစကားဟာ အချိန်အခါအားဖြင့် အပြုတ်တိုက်ရေး လက်နက်ချရေး နည်းအပေါ်မှာသာ ရပ်တည်နေပါသေးတယ်။
နောက်ပြီး အမျိုးသားညီလာခံကြီးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအဖွဲ့ရဲ့သဘောထားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(က) အမျိုးသားညီလာခံဆိုတာဟာ လွတ်လပ်ရေးတိုက်ပွဲတလျောက်လုံး ပြည်သူတို့ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ နယ်ချဲ့အမှီခိုကင်းတဲ့ အမျိုးသားစီးပွားရေးနဲ့ ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးအတွက်
ချမှတ်ဆောင်ရွက်ဖို့ ဆွေးနွေးကြရပါမယ်။ ပြီးတော့ နယ်ချဲ့ဆန့်ကျင်ရေး
အမျိုးသား အင်အားစု တွေပါဝင်တဲ့ အမျိုးသားညီလာခံကြီးမျိုး ဖြစ်ရပါလိမ့်မယ်။
(ခ) ဒီအမျိုးသားလုပ်ငန်းတွေလုပ်နိုင်ဖို့ဟာ
ငြိမ်းချမ်းရေးမှသာ ဖြစ်နိုင်မယ်။ ဒါကြောင့် ပြည်တွင်းစစ် ကင်းမဲ့တဲ့
ငြိမ်းချမ်းသာယာတဲ့ ကာလမျိုးမှသာ ဒီလိုအမျိုးသားညီလာခံကို
ကျင်းပနိုင်ပါလိမ့်မယ်။
(ဂ) ဒါကြောင့် ဒီလိုညီလာခံမျိုး ကျင်းပပြုလုပ်နိုင်ရေးအတွက်
ပြည်တွင်းစစ်ကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစီးပွားရေးနဲ့ ဒီမိုကရေစီ
ရေးတို့အပေါ်မှာ ရပ်စဲပြီးငြိမ်းချမ်းရေး တည်ဆောက်ဖို့လိုပါတယ်။
(ဃ) ဒီလိုအခြေခံမျိုးကို ဦးတည်မယ်ဆိုရင် အချင်းချင်း
ပြည်တွင်းစစ်ရပ်စဲရေးအတွက် မဆွေးနွေးနိုင်စရာ အကြောင်းရှိမည်မဟုတ်ပါ။
ဝန်ကြီးချုပ် မိန့်ခွန်းမှာ နိုင်ငံတကာပြဿနာကြီးများ ကိုတောင်
ဆွေးနွေးဖြေရှင်းတဲ့နည်းနဲ့ ပြေလည်နိုင်တယ်လို့ယုံကြည်ပြီး
တိုက်တွန်း တင်ပြထားတဲ့ အတွက် မိမိတို့ ပြည်တွင်းပြဿနာများကိုလည်း
ဆွေးနွေးဖြေရှင်းကြရင် မပြေလည်နိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆ ပါတယ်။
ဒါကြောင့် စစ်ရပ်စဲပြီးမှ ဆွေးနွေးခြင်းဆိုတဲ့ လက်နက်ချစေရေးသဘောထားမျိုး
မထားကြဘဲ အချင်းချင်း သဘာဝတ္တကျစွာ ပြည်သူ့ အကျိုး ဆန္ဒများအပေါ်
အခြေခံထားပြီး ပြေလည်စွာဆွေးနွေးဖြေရှင်းကြရင် ပြည်တွင်းစစ်ကို အလျင်အမြန်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင် ကြမည် ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ရပ်တည်ပုံ
နောက်ဆုံး နိဂုံးချုပ်ပြောသွားလိုတဲ့အချက်ဟာ ယခု ကျွန်တော်တို့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ ရပ်တည်ပုံကို ပြောလိုပါတယ်။ ယခု ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဟာ ပွဲစားမဟုတ်၊ နှစ်ဘက်ကြားက ဆောင်ရွက်တဲ့အဖွဲ့လည်းမဟုတ်၊ ပြည်သူလူထုအကျိုးဆန္ဒနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးကို ရရှိစေဖို့ ပြည်သူလူထုကို အခြေခံပြီး ဆောင်ရွက်သွားမယ့်အဖွဲ့ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို လူထုအားနှင့်သာ တည်ဆောက်နိုင်ကြမည်
ဒီငြိမ်းချမ်းရေးရဖို့ဆိုရင်လည်း အဓိက အင်အားစုကြီးဟာ ပြည်သူလူထုဘဲ ဖြစ်ပါတယ်။ ဘယ်သမိုင်းမှာမဆို ကြီးကျယ်တဲ့ပြောင်းလဲမှုကြီး
များဟာ ပြည်သူလူထုရဲ့တိုက်ပွဲနဲ့ ကင်းပြီးမဖြစ်ခဲ့ပါ။ ပြည်သူလူထုဟာ
မိမိတို့အကျိုးအတွက် စည်းရုံးညီညွတ်ကြပြီး တိုက်ပွဲဝင်မှသာ ရနိုင် ပါတယ်။
ပြည်သူလူထုစည်းရုံးမှုနဲ့ တိုက်ပွဲဝင်မှုမပါတဲ့ ပြောင်းလဲမှုများဟာ
သမိုင်းရာဇဝင်မှာ မရှိခဲ့ပါ။
ဒါကြောင့် မျိုးချစ် ပြည်ချစ်များဟာ တိုင်းပြည်လက်ရှိ အကြပ်အတည်းက လွတ်မြောက် ရအောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့
ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေးလိုလားကြတဲ့ ပြည်သူလူထုကြီးကို
စည်းရုံးပြီး ပြည်သူလူထုကို အကျိုးပြုမယ့် သဘာဝတ္တနဲ့လည်း မှန်ကန်ညီညွတ်တဲ့
ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ချီတက်လှုပ်ရှားကြဖို့ လိုပါတယ်။
ပန်ကြားချက်
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်မှု အောက်မှာ ပြည်သူလူထုရဲ့အကျိုးဆန္ဒနဲ့အညီ
ပြည် တွင်း ငြိမ်းချမ်းရေးကြီး အကောင်အထည်ပေါ် အောင် မမှိတ်မသုန်
ကြိုးစားသွားပါမယ်။ ယခု ချီတက်လာကြတဲ့ တိုက်နယ်ပေါင်းစုံမှကေဒါ ရဲဘော်များ
ငြိမ်းချမ်းရေးတပ်သားများ ဟာလည်း ဘယ်အခက်အခဲများနဲ့ ရင်ဆိုင်ရပေမယ့်
မဆုတ်မနစ်ကြိုးစားပြီး ချီတက် လုပ် ဆောင် ကြပါရန် ဆရာကြီးကိုယ်စား
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကိုယ်စား ကျွန်တော်ကိုယ်တိုင် လေးနက်စွာ တိုက်တွန်း နှိုးဆော်ပါတယ်။
နယ်ခရိုင်ရှိ ပြည်တွင်းငြိမ်းချမ်းရေးတပ်သားများကိုလည်း အလားတူ တိုက်တွန်းပါတယ်။
ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကိုလည်း မိမိတို့ဘဝအကျိုးကို မိမိတို့အင်အားနဲ့သာ တည်ထောင်နိုင်ကြမယ်ဆိုတဲ့အသိနဲ့ မျိုးချစ်ပုဂ္ဂိုလ် ကြီးလည်းဖြစ် ငြိမ်းချမ်းရေးဖခင်ကြီးလည်းဖြစ်တဲ့ ဆရာကြီးကို ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့နောက်မှာ လက်ရှိဗမာပြည်ရဲ့ အမျိုးသားရေးပြဿနာ ကြီးဖြစ်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို တခဲနက်ပါဝင်ချီတက်ကြဖို့ အလေးအနက် ပန်ကြားအပ်ပါတယ်။
by ဆရာကြီး သခင်ကိုယ်တော်မှိုင်း facebook page
No comments:
Post a Comment