မိုးကုတ်မြို့
ရေပူကျောင်းတိုက်အတွင်း၌ တွေ့ရှိခဲ့သော သစ်များနှင့် ပတ်သက်၍
ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် တရားလိုပြသက်သေ လေးဦးကို သြဂုတ် ၂၆ ရက်
ရုံးချိန်းတွင် စစ်ဆေးခဲ့ပြီး၊ ဆရာတော်သည် သစ်များအား ရောင်းရန်နှင့်
ပြည်ပသို့ ခိုးထုတ်ရန် မဟုတ်ဘဲ ကျောင်းပြင်ဆင်ဆောက်လုပ်ရန် အတွက်သာ
ဝယ်ယူထားခြင်းဖြစ်ကြောင်း သက်သေများက ထွက်ဆိုခဲ့သည်။
ဇွန် ၉ ရက်က ရေပူဆရာတော်၏ ကျောင်းတိုက်အတွင်း ပျဉ်းကတိုးနှင့် အင်ကြင်းအမျိုးအစား သစ် ၅၇ တုံး ၁၄ ဒသမ ၈၄၈၄ တန်ကို တွေ့ရှိခဲ့ရာမှ သစ်တောဥပဒေပုဒ်မ ၄၂ (ခ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
သြဂုတ် ၂၆ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေများအဖြစ် မိုးကုတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်၊ တောအုပ်ကြီး ဦးလှမျိုးနိုင်၊ တောအုပ်ဦး ကိုကိုကြီးနှင့် ရေပူအုပ်ချုပ်ရေးမှူး ဦးစန်းလွင်တို့ကို စစ်ဆေးခဲ့ပြီး အဆိုပါသစ်များမှာ သစ်တောမှ ခွင့်ပြုချက် မပါသဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်းနှင့် ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းစေတီများအား ဓာတ်ပေါင်းစု စေတီတည်ထားရန်အတွက် ဒကာတစ်ဦးမှ သဘောမတူရာမှ တစ်ဆင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့က ထွက်ဆိုခဲ့ကြသည်။
ထို့ပြင် မိုးကုတ်မြို့တွင် အသုံးပြုရန်အတွက် သစ်များကို တရားမ၀င် ၀ယ်ယူရန် ခက်ခဲခြင်းကြောင့် ဒေသခံများမှာ တရားမ၀င်သစ်များကို ၀ယ်ယူသုံးစွဲနေရကြောင်း၊ ဒေသခံများ အနေဖြင့် ၀ယ်ယူသော သစ်များသည် တရားဝင် ဖြစ်မဖြစ်သည်ကို မသိရှိကြောင်း၊ ဆရာတော်သည်လည်း ကျောင်းတိုက်ပြန်လည် တည်ဆောက်ရန်အတွက်သာ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
တရားလိုများအား စစ်ဆေးရာတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက တရားမ၀င်သစ်များနှင့် ပတ်သက်၍ ကျေးရွာများတွင် ရှင်းလင်းဟောပြောမှုများ ပြုလုပ်သည်ဟု ထွက်ဆိုခဲ့သော်လည်း ရေပူကျေးရွာတွင် နေထိုင်ခဲ့သည်မှာ ၂၈ နှစ် ရှိပြီဖြစ်သော အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ထိုသို့ပြုလုပ်မှု မရှိဟု ထွက်ဆိုခဲ့သည်။
တရားမ၀င် သစ်များနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူရာတွင်လည်း ထုတ်လုပ်သူ၊ ရောင်းချသူကိုသာ အဓိကထားဖမ်းဆီး အရေးယူမှု ပြုလုပ်ကြောင်းလည်း သစ်တောအရာရှိများက ထွက်ဆိုခဲ့ကြသည်။
“ဒီနေ့ ဘုန်းကြီးကို သစ်အမှုနဲ့ စစ်ဆေးပါတယ်။ အဲဒီသစ်ကိစ္စနဲ့ ပတ်သက်လို့ သို့လောသို့လော ဖြစ်နေမှာစိုးလို့ အနည်းငယ် ရှင်းပြချင်ပါတယ်။ ဘုန်းကြီးက ကျောင်းဆောက်ဖို့ရာအတွက် တကယ်လိုအပ်လို့ လာရောင်းတဲ့ သူဆီက ၀ယ်ယူထားပါတယ်။ တကယ်လိုအပ်လို့ ၀ယ်ယူတဲ့ ပုဂ္ဂိုလ်တွေကျ တရားရင်ဆိုင်နေရပါတယ်။ မိုးကုတ်မှာ သစ်စက်တွေ အများကြီး ရှိပါတယ်။ သစ်စက်တွေဟာ တရားဝင်ဖြစ်လား မဖြစ်လား သူတို့ သိပါတယ်။ သစ်ခွဲစက်တွေဟာ တရားဝင်သစ်တွေ ခုတ်နေပါတယ်။ ဆင်တွေနဲ့ ထုတ်နေတဲ့ သစ်စက်တွေ ရှိပါတယ်။ ဘုန်းကြီးတို့ကိုယ်တိုင် ရပ်ရွာလူထုနဲ့ အဆင်မပြေတဲ့ သစ်စက်တွေကို သွားရှင်းပေးခဲ့ရတာမျိုး ရှိပါတယ်။ အဲသလို တရားမ၀င် လုပ်နေတဲ့ သစ်စက်တွေကျတော့ ဘာတစ်ခုမှ အရေးယူခြင်း မရှိပါဘူး။ အခု ဘုန်းကြီးဝယ်ထားတဲ့ သစ်တွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ် ဦးဘဌေးထံကို သစ်တွေသွင်းနေတဲ့ ရေဝေဥက္ကဋ္ဌ ဦးဝကနေပြီး ဘုန်းကြီးဆီကို ပြန်ရောင်းတဲ့သစ်လို့ သိရပါတယ်” ဟု ရေပူဆရာတော်က မိန့်ကြားသည်။ ဆရာတော်၏ အမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂ ရက်တွင် ထပ်မံစစ်ဆေးရန် ပြင်ဦးလွင်မြို့နယ် တရားသူကြီးက ချိန်းဆိုခဲ့သည်။

Writer:
ငြိမ်းဇော်လင်း
EMG
http://news-eleven.com/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%B1%E1%80%9B%E1%80%95%E1%80%B0%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%81%8C-%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%9B%E1%80%BD%E1%80%AD%E1%80%81%E1%80%B2%E1%80%B7%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9E%E1%80%85%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%81%8D-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%BB%E1%80%95%E1%80%9E%E1%80%80%E1%80%B9%E1%80%B1%E1%80%9E
No comments:
Post a Comment