Tuesday, August 25, 2015
ဖမ်းဆီးခံကျောင်းသားများက ၎င်းတို့အား ရဲလက်စွဲနှင့်မညီဘဲ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ရင်း ၁၊ ၁၀၊ ၁၁ နှင့် ဒုရဲမှူး နန္ဒာဝင်းတို့အား တရားစွဲဆိုခွင့်ပြုရန် လျှောက်ထား
ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများကို သြဂုတ် ၂၅ ရက်က သာယာဝတီမြို့နယ် တရားရုံးတွင် (၁၄) ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည်။ ထိုရုံးချိန်းတွင် ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများမှ ၎င်းတို့ကို ဆေးရုံတက်ရောက် ကုသခဲ့ရသည်အထိ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်သည် ရဲလက်စွဲနှင့် မညီညွတ်သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲတပ်ရင်း ၁၊ ၁၀၊ ၁၁ နှင့် ဒုရဲမှူးနန္ဒာဝင်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပေးရန် လျှောက်လဲချက်ပေးခဲ့သည်။
ပြီးခဲ့သည့် မတ် ၁၀ ရက်က ဖြစ်ပွားခဲ့သည့် လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်စဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ဦးခင်လှိုင်၊ ဦးတင်ဝင်း အပါအ၀င် အခြားကျောင်းသားများနှင့် ၀န်းရံသူများသည် ဆေးရုံတက် ကုသခဲ့ရပြီး ထိုသို့ဖြိုခွင်းရာတွင် ရဲလက်စွဲအပိုဒ်များတွင် ပြဋ္ဌာန်းထားသည်များကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ရိုက်နှက်ဖမ်းဆီးခံရသူများ အနေဖြင့် နစ်နာသည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲတပ်ရင်း၁၊ ၁၀၊ ၁၁နှင့် ဒုရဲမှူး နန္ဒာဝင်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပေးရန် လျှောက်လဲချက် ပေးခဲ့ခြင်းဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က “ကျောင်းသားတွေက သူတို့ကို ရိုက်နှက်ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင်တွေ ပြုမူခဲ့တဲ့ အပြုအမူက ရဲလက်စွဲအပိုဒ်တွေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့မညီဘူး။ ဒါကြောင့် သူတို့အနေနဲ့ နစ်နာတဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပေးဖို့ လက်မှတ်ထိုးပြီး တင်ပြတဲ့အတွက် ဒီနေ့လျှောက်လဲချက် ပေးတာဖြစ်တယ်။ နောက်အပတ်ကို တရားစွဲဆိုမှုကို လက်ခံမခံ အမိန့်ချပါမယ်” ဟု ပြောကြားသည်။
ရဲလက်စွဲအပိုဒ်-၁၀၅၈ တွင် “(က)နံပါတ်တုတ်ကို အောက်ပါအတိုင်း အသုံးပြုရမည်။ (၁) ဖမ်းဆီးရာ၌ အတင်းအကျပ် ခုခံသူများ ဖမ်းဆီးရမိပြီးနောက် ထွက်ပြေးရန် ကြံစည်အားထုတ်သူများကို နှိမ်နင်းရန် လိုအပ်သော အချိန်အခါဖြစ်ခြင်း၊ (ခ)တရားဥပဒေအရ ဖမ်းဆီးမည့်သူ တစ်ဦးတစ်ယောက်ကို ဖမ်းဆီးရာ၌ ခုခံခဲ့သော်ပြစ်မှုဆိုင်ရာ ကျင့်ဥပဒေ ပုဒ်မ-၄၆အရ ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် နိုင်နင်းအောင် ဖိစီးနှိပ်ကွပ်ခွင့် ရသော်လည်း ၎င်းတို့ကို နာကျင်အောင် ပြုလုပ်ရန် မသင့်လျော်က မပြုလုပ်ရ။ ထိုအမှုထမ်းသည် ဖမ်းဆီးရာ၌ နှိမ်နင်းမည့်လက္ခဏာ မပေါ်လျှင် နံပါတ်တုတ်ကို ဆွဲယူအသုံးပြုနိုင်သည်။ သို့ရာတွင် ဦးခေါင်းကို မရိုက်မိစေရန် သတိပြုရမည်” ဟု ပြဋ္ဌာန်းထားသည်။
ထိုသို့ လက်ပံတန်းသပိတ် အကြမ်းဖက် ဖြိုခွင်းမှုဖြစ်စဉ်တွင် အဓိက တာဝန်ရှိသည့် အဖွဲ့စည်းများကို ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပေးရန် လျှောက်လဲချက် ပေးခဲ့သည့်အပေါ် ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်က “ဒီလိုတရားစွဲဆိုခွင့်ပြု လျှောက်ထားရတာက တရားဥပဒေ စိုးမိုးမှုကို အကာအကွယ်ပေးရမယ့် အဖွဲ့အစည်းတွေ ကိုယ်တိုင်က တရားနည်းလမ်း မကျဘဲ ကျွန်တော်တို့ကို ရိုက်နှက်ဖမ်းဆီးတယ်။ ဒီတော့ ဥပဒေနဲ့ ငြိစွန်းတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ တရားပြန်စွဲဖို့ ကြိုးစားတာဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် တရားနည်းလမ်းကျဖို့ လိုအပ်တယ် ဆိုတာကို ပြောချင်တယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ် ၁၁ ရက် ရုံးချိန်းတွင် ဖမ်းဆီးခံ ကျောင်းသားများမှ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့ကို မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားမှုကို သာယာဝတီမြို့နယ် တရားသူကြီးမှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့သည် ပြန်တမ်းဝင် အရာရှိဖြစ်သောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၇(၁) အရ နိုင်ငံတော်သမ္မတထံမှ ခွင့်ပြုချက်ရမှသာ တရားစွဲဆိုနိုင်သောကြောင့် တရားရုံးမှ လက်မခံဘဲ ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် ယခုတစ်ဖန် အာဏာပိုင် အဖွဲ့အစည်းကို တရားစွဲဆိုရန် ထပ်မံကြိုးပမ်းခြင်းဖြစ်သည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၇(၁)တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၉ ၏ အဓိပ္ပာယ်အရ တရားသူကြီးဖြစ်သူ၊ သို့မဟုတ် ရာဇ၀တ် တရားသူကြီးတစ်ဦး သို့မဟုတ် နိုင်ငံတော်သမ္မတ သို့မဟုတ် အခြားအဆင့်မြင့်သော အာဏာပိုင်၏ အခွင့်အမိန့် မရရှိဘဲ ရာထူးမှ ထုတ်ပယ်ခြင်း မပြုနိုင်သော ပြည်သူ့ဝန်ထမ်း တစ်ဦးသည် မိမိရာထူးအလျောက် တာဝန်ထမ်းဆောင်စဉ်ပြုသော သို့မဟုတ် ပြုလုပ်သည်ဟု သဘောသက်ရောက်သော ပြစ်မှုတစ်စုံတစ်ရာနှင့် စွပ်စွဲခြင်းခံရသောအခါ နိုင်ငံတော်သမ္မတ၏ ကြိုတင်အခွင့်အမိန့် မရရှိဘဲ အဆိုပါပြစ်မှုကို မည်သည့်တရားရုံးကမျှ အရေးမယူရဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ထိုနေ့ရုံးချိန်းတွင် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းအား အကြမ်းဖက်ရိုက်နှက် ဖြိုခွင်းကာ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဖမ်းဆီးတရားစွဲဆိုထားမှုမှာ ဥပဒေကြောင်းများအရ ထင်ရှားစွာ လွဲမှားနေသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အမှတ် ၅၆၁ (က) အရ ပယ်ဖျက်ပေးရန် ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးခဲ့သည်။
တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က “ဟိုတစ်ပတ်ရုံးချိန်းက တင်ခဲ့တဲ့ လျှောက်လွှာမှာပါတဲ့ အချက် ခြောက်ချက်ကို တစ်ချက်ချင်း လျှောက်လဲချက် ပေးပါတယ်။ နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ဆိုတာရှိတယ်။ အဲဒီ ဥပဒေမှာ ဘာပြောထားလဲဆိုရင် ၀န်ထမ်းတစ်ယောက်၊ ၀န်ထမ်းအဖွဲ့အစည်း တစ်ခုက ဥပဒေနဲ့ မညီတာကို ဥပဒေ၀န်ထမ်းတွေကနေပြီးတော့ တွေ့ရှိလို့ဆိုရင် အရေးယူဖို့ သက်ဆိုင်ရာကို တင်ပြပေးဖို့ တာဝန်ရှိတယ်။ အဲဒီလိုမှမဟုတ်ဘဲ သူတို့ကိုယ်တိုင်က ကန့်ကွက်တယ်ဆိုရင် တာဝန်ရှောင်လွှဲရာ ကျတယ်” ဟု မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် သြဂုတ် ၁၈ ရက် တရားခွင်တွင် တင်ပြခဲ့သည့် လျှောက်လွှာမှာ လက်ပံတန်းတွင် ရောက်ရှိနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ လူစုခွဲရန် အသံချဲ့စက်ဖြင့် ကြေညာပြီး အကြမ်းဖက်ဖြိုခွင်းခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇ (၁) အရ အပ်နှံထားခြင်း မရှိသော လုပ်ပိုင်ခွင့် အာဏာကို ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းသည် ဥပဒေနှင့် မညီကြောင်း၊ တရားလို လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့် ဦးဆောင်သော ရဲတပ်ဖွဲ့သည် လူပေါင်း ၁၂၇ ဦးကို တရားသူကြီး၏ ချုပ်ထားစေရန် ၀ရမ်းတစ်စုံတစ်ရာမပါဘဲ သာယာဝတီ အကျဉ်းထောင်သို့ တိုက်ရိုက်ပို့ဆောင် ချုပ်နှောင်ခဲ့ခြင်းမှာ အကျဉ်းထောင်လက်စွဲ အပိုဒ် ၁၃၈ နှင့် အပိုဒ် ၆၉၃ ပါ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုစေရန် အကျဉ်းထောင် တာဝန်ရှိသူများအပေါ် အတင်းအကျပ် ဆောင်ရွက်စေခိုင်းရာ ရောက်သဖြင့် ဥပဒေနှင့် မညီကြောင်း၊ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူများကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) အပါအ၀င် အခြားပုဒ်မများဖြင့် ရဲစခန်းတွင် ကနဦး တိုင်ချက်ဖွင့် အရေးယူခဲ့ခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား ၂ တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၀၅ (ခ) မှာ ‘၀ရမ်းမပါလည်း ဖမ်းဆီးခွင့် မရှိ’ ဟူသည့် ပြဋ္ဌာန်းချက်အား ဆန့်ကျင်ချိုးဖောက်ခြင်းသည် ဥပဒေနှင့် မညီကြောင်း တွေ့ရှိရသဖြင့် ထိုတရားစွဲဆိုမှုမှာ မူလကပင် ပျက်ပြယ်နေသည့် တရားစွဲဆိုမှု ဖြစ်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က) အရ ပယ်ဖျက်ပေးရန် သာယာဝတီခရိုင် တရားရုံးမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ထံသို့ ဆက်လက်တင်ပြပေးရန် လျှောက်လွှာတင်ခဲ့ခြင်း ဖြစ်သည်။ ထိုလျှောက်လွှာကို သြဂုတ် ၂၅ ရက် ရုံးချိန်းတွင် လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်အပတ်တွင် ဆက်လက်တင်ပြ ပေးနိုင်ခြင်း ရှိမရှိ အမိန့်ချမှတ်မည်ဖြစ်သည်။ ထိုရုံးချိန်းကို လာမည့် စက်တင်ဘာ ၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
ယနေ့ သြဂုတ် ၂၅ ရက်သည် မဖြိုးဖြိုးအောင်၏ (၂၇) နှစ်ပြည့်မွေးနေ့ဖြစ်ပြီး တရားခွင်အတွင်း ကျောင်းသားများနှင့် မွေးနေ့ပွဲအထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment