Monday, August 17, 2015

ခြိမ်းသလား၊ ခြောက်သလား၊ ကြောက်မလား (ဘစီ)


ပြောပါရစေဗျာ။ အခုတစ်လော နေပြည်တော်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ခေါင်းဆောင်ပိုင်း အပြောင်းအလဲရဲ့ ဂယက်ကတော့ အတော်ကြီးသဗျ။ ဗွေဆော်ဦးကတော့ သူရဦးရွှေမန်းနဲ့ ဗဟိုအလုပ်အမှု ဆောင်အချို့ကို ပါတီရာထူးက နေဖယ်ရှားလိုက်တယ်ဆိုတဲ့ သတင်းထွက်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှမ်းပြည်နယ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာပါပဲ။

သိတဲ့အတိုင်း သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်းနှီးတဲ့ဆက်ဆံရေး ရှိကြသူတွေပါ။ အခုလို ပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌရာထူးကနေ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တဲ့အတွက် သူ့မှာလည်း ရှေ့ဆက်ရမယ့် နိုင်ငံရေးမဟာဗျူဟာကို အသေအချာ ပြန်လည် စဉ်းစားသုံးသပ်နေရထင်ပါရဲ့။
နောက်တစ်ချက်ကတော့ ပြည်ခိုင်ဖြိုးပါတီမယ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပဟဲ့ ဆိုတာနဲ့ ဒေါ်လာဈေးက ရုတ်တ ရက် ချက်ချင်းထိုးတက်တော့တာ ပဲ။ နဂိုကတည်းက မိုးထိအောင် လှေကားထောင်နေတဲ့ ဒေါ်လာ ဈေးက ဘယ်အချိန်ကများ အ ကွက်ကောင်း စောင့်နေလဲ မသိ ပါဘူးဗျာ။ တက်လေရဲ့။ သိတဲ့ အတိုင်းပဲဗျို့။ ဒေါ်လာဈေးတက် ပြီဆိုမှတော့ ကုန်ဈေးနှုန်းက လည်း အားကျမခံပေါ့ဗျာ။ အခု ဆိုရင် ရေဘေးကြောင့် ဆီဈေး၊ ဆန်ဈေး၊ ကြက်သွန်ဈေး အခြေ ခံစားသောက်ကုန်ဈေးတွေ တက် နေရတဲ့အထဲ ဦးရွှေမန်းတစ် ယောက်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဘ၀က ဆင်းပေးရတာနဲ့ ဒေါ်လာဈေးက လည်း တက်ပြန်သတဲ့ဗျာ။

ကျုပ်တို့ ပြည်သူတွေအဖို့ တော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုရ်က နွားပေါင်ကျိုးရတဲ့ ကိန်းပေါ့ဗျာ။ ဆိုင်ရင်လည်း ဆိုင်၊မဆိုင်ရင်လည်း ဆိုင်ပေါ့လေ။ အခံဘက်ကချည်းပါပဲ။ ရှေ့ဆက်ပြီးလည်း ဘယ်လောက် ခံရဦးမလဲလည်း မသိသေးဘူးဗျို့။ နို့ပေတဲ့ ကျုပ်တို့ ပြည်သူတွေ ခံမှခံရပေ သိ မေတ္တာတရား၊ ကိုယ်ချင်းစရာ တရား၊ သည်းခံခွင့်လွှတ်ခြင်း တရားတွေကတော့ အပြည့်ဗျ။ အခု သူရဦးရွှေမန်းတို့ကို ပါတီ ခေါင်းဆောင်နေရာက ဖယ်ရှားခံ လိုက်ရတဲ့ သတင်းတွေ ထွက်လာ တော့ ပြည်သူအချို့က စုတ်တ သပ်သပ် ဖြစ်ကြတာလည်း ရှိပါ တယ်။ ‘သြော် ..ဖြစ်ရလေခြင်း နှယ်’ ဆိုတဲ့ သနားမှုရော ‘မင်းခ ယောက်ျား ကမ်းနားသစ်ပင်’ဆိုသ ဟာကို သံဝေဂပွားကြတာတွေပါ တွေ့နေရတယ်။

တကယ်ပါ။ ကျုပ်တို့လူမျိုး ဟာ ကိုယ့်အပေါ်မှာ ဘယ် လောက်ပဲ မကောင်းသည့် ဆိုစေဦး နောက်ဆုံး အဲဒီလူရဲ့ ကံဇာ တာ ညှိုးမှိန်နိမ့်ပါး ဘ၀ကတိမ်း ကပါးဖြစ်သွားရချိန်မှာ အနှာရဲ့ မကောင်းမှု အ၀၀ကို မေ့သွားပြီး သူ့အပေါ်မယ် စာနာမှု တရားထားလိုက်တာချည်းပဲ။ အခါတစ်ပါးတုန်းက ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးတစ်ယောက် ရာထူးနေရာက လျှောကျသွားတုန်းက လည်း ကြည့်ပါလားဗျာ။ သူ့ရဲ့ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တာတွေကို မေ့ပြီးလူတွေက သနားကရုဏာ သက်ပေးခဲ့ကြ တယ်။ အဲသလောက် လှပတဲ့စိတ်ဓာတ် ရှိကြတဲ့သူတွေပါ။ အနှာလို စိတ်ဓာတ်လှပတဲ့ ပြည်သူတွေကိုမှ အမျိုးမျိုးသော နည်းလမ်းများနဲ့ ကန့်သတ်လိုက်မဟဲ့၊ ချုပ်ချယ်လိုက်မဟဲ့၊ အနိုင်ကျင့်လိုက်မဟဲ့ ဆိုပြီးသကာလ လုပ် ရက်ကြတဲ့သူတွေကလည်း ဟောဒီရွှေပြည်ကြီးမယ်အုံလိုက်ကျင်း လိုက် ရှိနေကြတော့လည်း ခက် သားကလား။

ထားပါတော့ဗျာ။ ခုနင်က စကားဆက်ရရင် အာဏာရပါတီ ကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးရဲ့ ခေါင်း ဆောင်အပြောင်းအလဲ ပွဲကြမ်း ကြတာဟာ သူတို့ပါတီတွင်း ကိစ္စ တင် မဟုတ်မကဘဲနဲ့ တိုင်းပြည် ကိုပါ ဂယက်ရိုက်နေတယ်ဆို တာပဲ။ ဒါကိုတော့ ကျုပ်တို့လက် ခံထားရလိမ့်မဗျ။ သူတို့အချင်း ချင်း အာဏာအားပြိုင်ကြတာပါ ကွာဆိုပြီး အေးအေးနေလို့ မဖြစ် ဘူး။ နိုင်ငံရေးအသိရှိရမယ်။ သတိရှိရမယ်။ ဒီဂယက်က သိပ် ကြီးတယ်။ တစ်ဖက်က ပါတီ တွင်းကိစ္စပါ။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို မထိခိုက်ပါဘူးဆိုပြီး ဘယ်လိုပဲ ပြောပြော အရပ်ရပ်အခြေအနေ အရ ပါတီပြင်ဆင်ဖွဲ့စည်းတယ် ဆိုတာထက် ပိုတယ်။

လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအ လွန်နိုင်ငံရေးကို အခုပြည်ခိုင်ဖြိုး ရဲ့ ပါတီတွင်းအပြောင်းအလဲဆို တာက ကောင်းကောင်းကြီးဂယက်ရိုက်မယ်။
အရေးကြီးဆုံး သတိထားရ မှာကတော့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို လုပ်နေပါတယ် ဆိုတဲ့ အနှီအာဏာရပါတီကြီး ဟာ သူ့ရဲ့ပါတီကို ဒီမိုကရေစီနည်းကျအောင် ပြင်ဆင်ဖွဲ့စည်းရပါ တယ်ဆိုပြီး လူအချို့ကို ဖြုတ်ထုတ် ဖယ်ရှားတဲ့နေရာမယ် ဒီမိုကရေစီ မဆန်တာတွေ့နေရပါခင်ဗျ။ ဒါ လေးများ ငဘစီရာ မောင်ရင်တို့ ထောက်ခံနေကြတဲ့ အတိုက်အခံ ဒီမိုကရေစီ ပါတီဆိုသဟာ အချို့ မှာလည်း ဗဟိုဦးစီးစနစ် ဆန်ဆန် လုပ်နေကြတာပဲ မဟုတ်လားဆို ပြီး အငေါ့တူးမယ့် သူရှိရင်လည်း ကျုပ်မငြင်းပါဘူး။ နို့ပေတဲ့ ဒီမိုက ရေစီကို လိုလားသူ ဆောင်းပါး ရှင်တစ်ဦးအနေနဲ့ကတော့ အာ ဏာရပါတီမှာပဲဖြစ်ဖြစ်၊ အတိုက် အခံမှာပဲဖြစ်ဖြစ် ဒီမိုကရေစီလို့ ပြောပြီး ဒီမိုကရေစီ မဆန်တာ တွေ လုပ်ရင်တော့ကာ ဘယ်သူ့ ကိုမဆို သရော်ဝေဖန် လှောင် ပြောင်ရမှာက ကျုပ်တို့ရဲ့ ၀န်တာ ကိုးခင်ဗျ။
အခု သူရဦးရွှေမန်းကို ပြည် ခိုင်ဖြိုးပါတီအနေနဲ့ ဥက္ကဋ္ဌရာထူး က ဖယ်ရှားတဲ့နေရာမယ် ပြောစ ရာရှိတာက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို လုပ်နေပါတယ် ဆိုတဲ့ အာဏာရပါတီကြီးဟာ ည ကြီးအချိန်မတော် အတွင်းကျိတ် ပြီး လူအချို့ကို ဖယ်ရှား၊ အချို့ လူတွေကို အစားထိုးလိုက်တယ် ဆိုပြီး နောက်တစ်နေ့မှာ တိုင်း ပြည်ကို ကြေညာတာဟာ ဒီမိုက ရေစီနည်းကျပါရဲ့လား ဆိုတာပဲ။ အမှန်ဆိုရင် ပါတီအရေးပေါ် ညီ လာခံလိုမျိုးခေါ်ပြီးမှ လုပ်သင့်တာမဟုတ်လား။ ဒါမှမဟုတ်လည်း လူသိရှင်ကြား နေ့လယ်ခင်းမှာ ဖယ်ရှားတာ၊ လူစားလဲတာတွေ လုပ်ပါတော့လား။ အခုတော့ ည မင်းသားတွေ လုပ်ခဲ့ကြတယ်။

ပြီးတော့ နောက်တစ်နေ့မှာ ပဲ ပါတီဥက္ကဋ္ဌ နေရာကဖယ်ရှားခံ လိုက်ရပေတဲ့ ပြည်သူ့လွှတ်တော် ရဲ့ ဥက္ကဋ္ဌ ရာထူးနေရာမှာ ဆက်ရှိ နေဖြစ်တဲ့ ဦးရွှေမန်းကို ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက လာမယ့် လွှတ်တော်အစည်းအဝေးကျရင် ဦးရွှေမန်းအနေနဲ့ လွှတ်တော်အ မတ်တွေကို အမတ်အဖြစ်က ပြန် ပြီး ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို အမြန်ပြဋ္ဌာန်းပေးရမယ်ဆိုပြီး တင် ပြလိုက်တယ်။ ဒါဟာ တစ်နည်းအားဖြင့် ဖိအားပေးရာ ရောက်မနေဘူးလား။ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယက၊ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌတစ်ယောက်ကို အုပ်ချုပ်ရေးပိုင်း ဖိအားပေးလို့ရသလား။ အဲသဟာ ကျုပ်တို့ရဲ့ ဒီမိုကရေစီလား။ ၂၀၀၈ဖွဲ့စည်းပုံအရ အဲသလို လုပ်ခွင့်ရှိသလား။

နို့ပြီးတစ်ခါ အခုနောက်ဆုံး ထွက်လာတဲ့ သတင်းတွေအရ သူရဦးရွှေမန်းရဲ့ သားနဲ့ချွေးမ ပိုင် တယ်ဆိုတဲ့ ချယ်ရီ FM ကိုလည်း မိမိဆန္ဒအလျောက် ခေတ္တရပ်နား လိုကြောင်း စာတင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားသတဲ့။ ဒါကို သူရဦးရွှေမန်း ရဲ့သားဖြစ်တဲ့ ဦးတိုးနိုင်မန်းဘက် ကလည်း ဆောရီးဆိုပြီး ပြန်ပြော တယ်ဆိုပဲ။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ချယ်ရီ FM ကို ဖိအားပေး ပိတ်သိမ်းတာမျိုး မရှိ ဘဲနဲ့ FM လိုင်းအနေနဲ့ သူရဦးရွှေ မန်းနဲ့ပတ်သက်တဲ့သတင်း၊ နိုင်ငံ ရေးသတင်းတွေကို မလွှင့်ဘူးလို့ အာမခံနိုင်သလားဆိုတာကိုသာ မေးတာပါတဲ့။

ကျုပ်တို့ သာမန်ပြည်သူတွေ အဖို့တော့ သတင်းစာတွေက ရေးသမျှ၊ ကာယကံရှင်တွေက ပြောသမျှကိုသာ ကြားရ ဖတ်ရတာကိုးခင်ဗျ။ တကယ့်နောက်ကွယ်က အခြေအနေမှန်က ဘယ်လိုရှိတယ်ဆိုတာ ဘယ့်နှာသိနိုင်မှာလဲဗျာ။ နို့ပေတဲ့ အနှီသတင်းတွေ ကြားရတဲ့အခါ ‘ကျူပင်ခုတ်ရင် ကျူငုတ်မကျန်စေရ’ဆိုတဲ့ အာဏာရှင်စနစ်ရဲ့ အငွေ့အသက်တွေကျုပ်တိုရွှေပြည်ကြီးမှာ အများကြီး ကျန်နေပါသေးလားဆိုတဲ့ အသိရတယ်။ အာဏာရှင် စနစ်မှာ လူတစ်ယောက်ဟာ ရာ ထူးနဲ့ အခွင့်အာဏာကို လက် လွှတ်လိုက်ရတာနဲ့ သူဟာအပစ် ပယ်ခံ လူသားဖြစ်သွားတော့တာ ပဲ။ ဒီနေ့ ရွှေထီး၊ မနက်ဖြန်မြေ ကြီးဆိုသဟာလို မရေရာတဲ့ကိစ္စ တွေပါတကားဆိုပြီး ကျုပ်တို့မှာ တရားရတယ်။

အခု ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်အပြောင်းအလဲဟာ သူ့ပါတီတွင်း ကိစ္စသက်သက်သာ ဆိုရင် ကျုပ်တို့ဘာမှ ပြောစရာ မရှိပါဘူးခင်ဗျ။ နို့ပေတဲ့ သူတို့အ ပြောင်းအလဲရဲ့ ဂယက်က ကျုပ် တို့ပြည်သူအများ လိုလားတောင့် တနေကြတဲ့ ဒီမိုကရေစီအိပ်မက် ကို ဂယက်ရိုက်မှာတော့ စိုးသဗျ။ လက်ရှိအစိုးရ တဖွဖွပြောလာတဲ့ ဒီမိုကရေစီ အပြောင်းအလဲ ဆို သဟာ အပြီးသတ်မှာ ငါးနှစ်ပဲ သက်တမ်းရှည်ပါကလားလို့ တော့ ကျုပ်တို့မပြောချင်တာအမှန်ပါဗျာ။

အရေးကြီးဆုံးကတော အခု လက်ရှိ အာဏာရပါတီတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲ က ပြည်သူတွေ လိုလားတောင့်တ နေကြတဲ့ ဒီမိုကရေစီကို မထိခိုက် စေဖို့ လိုတယ်။ ဒါကို လက်ရှိဒီ မိုကရေစီ အင်အားစုတွေအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ပြည်သူကို သတိပေးနေဖို့ အထူး လိုအပ်ပါတယ်။ ရွေးကောက်ပွဲ လည်း အားခဲတာ အားခဲပေါ့ဗျာ။ ဒီမိုကရေစီကို ခြိမ်းခြောက်တဲ့ လုပ်ရပ်၊ ဒီမိုကရေစီကို နောက် ပြန်ဆွဲမယ့် ခြေလှမ်းတွေကိုလည်း သတိထားကြပါဦး။ ရွေးကောက် ပွဲမှာ အနိုင်ရရင် အရာရာအားလုံး အဆင်ပြေသွားမယ်ဆိုပြီး ပြည် သူတွေကို ပျားရည်နဲ့ ၀မ်းမချ ချင်ကြပါနဲ့။ ကျုပ်တို့ဟာ အခုထိ သားရဲတွေ ပြွန်းတီးတဲ့ မှော်ရုံ တောထဲက မထွက်နိုင်သေးဘူး။ တောခြောက်သံတွေကြားမှာ စမ်း တ၀ါးဝါးနဲ့ တောထဲက ထွက်နိုင် မယ့် လမ်းကိုရှာနေကြရတုန်းပဲ ရှိပါသေးဗျာ။

ပြည်ခိုင်ဖြိုးပါတီက သူ့ပါတီ တွင်း ကိစ္စဆိုပေတဲ့ အခုရက်ပိုင်း ဖြစ်ပျက် သတင်းထွက်နေတဲ့ ကိစ္စရပ်တိုင်းဟာ အဲဒီရဲ့ ဂယက် လို့သာမှတ်ဗျ။ ဟိုတစ်ရက်က အနှီပါတီတွင်း အပြောင်းအလဲ ဖြစ်တာနဲ့ တစ်ရက်တည်း ဆဲဗင်း ဒေးသတင်းစာမှာ မျက်နှာဖုံး သတင်းတစ်ပုဒ်ပါလာတယ်။ အဲ ဒါက ရန်ကုန်တိုင်းဒေသကြီးအ တွင်း မြို့နယ် ၄၄ မြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင်၊ ကာရာအိုကေ နဲ့ နိုက်ကလပ်တွေကို သြဂုတ် ၁၃ ရက်ကနေစပြီး ည ၁၁ နာရီမှာ ပိတ်သိမ်းရမယ်လို့ ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်ရတယ်။ အာဏာပိုင်တွေ အပြောအရ တော့ ညဘက်ပိုင်းမှာ ကျူးလွန် ကြတဲ့ မှုခင်းတွေကို ထိထိရောက် ရောက် တားဆီးနိုင်ရေးအတွက် ဖြစ်ပါသတဲ့။

‘‘သေချာရဲ့လား’’လို့သာ မေးချင်စရာပဲ။ ပြည်ခိုင်ဖြိုးမှာ ဖြုတ်ထုတ် ဖယ်ရှားတာတွေနဲ့ ရန်ကုန်က စားသောက်ဆိုင်တွေ ည ၁၁ နာရီပိတ်ရမယ်ဆိုတဲ့ သတင်းက တစ်နေ့တည်း၊ တစ်ရက်တည်း၊ တစ်ပြိုင်နက်တည်း ထွက်လာတော့ကာ အတွေးပွား ချင်စရာ ဖြစ်နေတာပေါ့ဗျာ။ ပြီးတော့ ညဥ့်နက်ပိုင်းမှာ ကျူးလွန်တဲ့ မှုခင်းတွေ လျှော့ချင်လို့တဲ့။ စား သောက်ဆိုင်တွေ၊ နိုက်ကလပ် တွေ၊ ကာရာအိုကေတွေကို စော စောစီးစီး ပိတ်လိုက်ရုံနဲ့ မှုခင်း တွေထိထိရောက်ရောက် နှိမ်နင်း နိုင်မတဲ့လား။ အခုဆိုရင် ခိုးဆိုး လုယက်တဲ့ အမှုတွေဟာ ရန်ကုန် ဆိုတဲ့ မြို့ကြီးမှာ နေ့ခင်းကြောင် တောင်လည်း ဖြစ်နေတာ ကျုပ် တို့အသိပဲဟာ။ ဒီစားသောက်ဆိုင်တွေ၊ နိုက်ကလပ်တွေ တစ်ညလုံးဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ ရန်ကုန်မှာ ဖြစ်နေတဲ့ ရာဇ၀တ်မှုတွေ လျော့မယ်ဆိုတာကတော့ လက်တွေ့ရလဒ်ထွက်လာမှသာ ယုံဖွယ်ရာ ရှိတော့တာပဲခင်ဗျာ။

ကျုပ်ကတော့ အခုဒေသန္တရ အမိန့်ဆိုတာ ပြည်သူတွေရဲ့ လွတ်လပ်စွာ သွားလာနေထိုင်စား သောက်မှုကို လုံခြုံရေးအကြောင်း ပြပြီး အချိန်ကိုက်တစ်ဖက်လှည့် နဲ့ ကန့်သတ်ချုပ်ချယ်ဖို့ ကြိုးစား နေတယ်လို့သာ မြင်သဗျာ။ အနှာ လိုပြောလို့မို့ ဟောဒီက ဘစီကို ကာကွယ်ရေးအမြင် ချို့တဲ့လှ ချည်ရဲ့လို့ အပြစ်တင်ချင်လည်း တင်ပါ။ အဆိုးသမားရယ်လို့ ထင်ချင်လည်း ထင်ကြပါခင်ဗျာ။ ကျုပ်ရင်ထဲရှိတာ ပွင့်လင်းစွာ ဖော်ပြရရင်တော့ကာ အနှာလို စားသောက်ဆိုင်တွေ ည ၁၁ နာရီအထိသာဖွင့်ရမယ်ဆိုတဲ့ သတင်းကြားတကည်းက နေ၀င်ရင်မီးငြိမ်းရမယ်ဆိုတဲ့ အရေးပေါ်ကာလရဲ့ အနံ့အသက်တွေရနေသဗျ။

အင်းလေ ... အခုကာလ ဟာ ဟောဒီရွှေပြည်ကြီးမှာ အချို့ သူများအတွက်တော့ အရေးပေါ် ကာလဖြစ်ချင်လည်း ဖြစ်နေမှာ ကိုးခင်ဗျ။ သိတယ်နော်။ အချို့ လူတွေများ ပြောပါတယ်။ ကိုယ် ကျိုးစီးပွားအတွက် အကြောက် တရားကြီးလာပြီလားဆိုမှဖြင့် နိုင်ရာကို ခြိမ်းလား၊ ခြောက်လား၊ ပိတ်လား၊ ဆို့လား လုပ်တတ်ကြ တာကလား။ သူတို့နိုင်ရာဆိုတာ ကလည်း နောက်ဆုံးတော့ ဘစီတို့ပြည်သူတွေပဲ ရှိတာမင့်ဟာ။ ။

August 17, 2015

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏အာဘော်သာဖြစ်ပါသည်)

No comments:

Post a Comment