Sunday, August 16, 2015

WHAT'S THE NEXT MOVE?



ကြံ့ခိုင်ရေးပါတီအာဏာသိမ်းမှုဖြစ်ပြီးတော့ လက်ရှိသမ္မတ ဦးသိန်းစိန် သမ္မတ ပြန်လုပ်မှာလား ဆိုတဲ့ဟာတွေ ထင်စရာဖြစ်လာတယ်။ အကယ်၍သာ သမ္မတဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီထဲက မဲတွေနဲ့ တစ်မတ်သား မဲကို ယူပြီး သမ္မတလုပ်ရင် သူ့အတွက် ဒုက္ခကြီးစွာတွေ့နိုင်တယ်။

(က)-မြစ်ဆုံဆည်၊ နိုင်ကျဉ်းတွေကိုလွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းတွေထူထောင်ခြင်း၊ နိုင်ငံတကာနဲ့အဆက်အသွယ်ရအောင်ကြိုးပမ်းခြင်း စတာတွေနဲ့ နာမည်ကောင်းယူလာခဲ့တဲ့ ဦးသိန်းစိန်ဟာ

(ခ)-ဘာသာရေးအဓိကရုဏ်းများမှာ ဦးဆောင်ဖြေရှင်းမပေးနိုင်ခြင်း၊ အခြေခံဥပဒေကိစ္စမှာ မပြင်လိုတဲ့ဘက်ကရပ်တည်ခြင်း၊ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းမှုအတွက်တာဝန်ယူဖြေရှင်းမပေးနိုင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့အတူ တွဲဖက်ပါလာတဲ့ မှုခင်းကိစ္စတွေ ပိုမိုပေါများလာမှုများ၊ ဒါ့အပြင် နိုင်ငံရဲ့ သိက္ခာတရားဖြစ်တဲ့ တရုတ်ကိစ္စမှာ နိုင်ငံအရှက်ရဖွယ်ဆုံးဖြတ်ချက်ချ ခဲ့ခြင်း..စတာတွေဟာ သူ့အတွက် "နိုင်ငံရေးသေမှု"ကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်တယ်။

စစ်ဖက်ကထွက်လာတဲ့လူတွေရဲ့ မကြာခဏ မှားလေ့ရှိတဲ့အမှားက နိုင်ငံရေးရဲ့ သဘော၊ သဘောဝကို နားမလည်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာဟာ လူထုရဲ့ တုန့်ပြန်မှု စိတ်ခံစားချက်တွေအပေါ် မူတည်ပြီးအတက်အကျရှိတယ်ဆိုတာကို မသိနားမလည်ဘဲ ကျူးလွန်မိတတ်တဲ့အမှားတွေဖြစ်တယ်။ ထက်အောက် အမိန့်နဲ့ရပ်တည်တဲ့အဖွဲ့က လူတွေဆိုတော့ အထက်နဲ့ အဖွဲ့ကိုပဲ အရင်စဉ်းစားရပြီး သက်ရောက်မှုကိုနောက်မှ ထည့်စဉ်းစားရတယ်ဆိုတဲ့ အလေ့အထ လည်းဖြစ်တယ်။

အခု ပြိုင်ဘက် သူရဦးရွှေမန်းကို အင်အားသုံးစီးနင်းပြီး ထိန်းချုပ်လိုက်တာဟာ နဂိုကတည်းက ဆက်တိုက်ကျဆင်းလာနေနိုင်တဲ့ လူထုရဲ့ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေးမဏ္ဍိုင်အပေါ် ယုံကြည်မှုတွေကို ပိုမို ဖျက်ဆီးလိုက်သလိုပဲဖြစ်စေတယ်။ ဒီလို ဖြစ်ရပ်မျိုးက "ခေါင်းဆောင်နေရာကလူတွေတောင် နေရာအတွက် အခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြတာ၊ ငါတို့လူတွေဆိုရင် ပိုဆိုးမယ်" ဆိုတဲ့ အတွေးကို လူတွေရင်ထဲ ဖြစ်စေနိုင်တယ်။ ရွံမုန်းခြင်းနဲ့ Public outrage ကို ဖြစ်စေနိုင်တယ်။

ဒီလို လူထုက ရွံမုန်းခြင်းဟာ နအဖဦးသန်းရွှေလို Regimeမျိုးဆို ကိစ္စမရှိဘူး။

အခုခေတ်က ဒီမိုကရေစီခေတ်လို့လဲ ကမ္ဘာကိုကြေငြာ၊ မီဒီယာလွှတ်လပ်ခွင့်တွေလဲ ဖွင့်ပေးလိုက်တော့ လူထုရဲ့ အခန်းကဏ္ဍက ပိုမိုကျယ်ပြန့်လာတယ်။ လူတွေရဲ့အသံကို နားစိုက်ထောင်လာရတယ်။ ဒါကြောင့် Public Outrage ဖြစ်အောင်လုပ်တဲ့ ခေါင်းဆောင်ဟာ ပြန်လာလို့သိပ်ခက်တယ်။ ----(၁)

ဒါ့အပြင် ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးက မှန်းထားတာသိသာပါတယ်။ တပ်နဲ့ အစိုးရလူကြီးတွေအများအပြားအင်အားဖြည့်တင်းပြီးရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တာပါ။ ဒါဟာ အချီကြီးမှန်းထားမှန်းသိသာပါတယ်။ ဒါကြောင့်လဲ ပါတီတွင်းမှာ အာဏာတည်ဆောက်ထားတဲ့ ဦးရွှေမန်းကိုလက်ဦးမှုရယူလိုက်တာပါပဲ။ ဒီတော့ ဆက်ရရင် ရွေးကောက်ပွဲဆိုတာဟာ လူထုအခန်းကဏ္ဍအထင်ရှားဆုံးနေရာဖြစ်တယ်။ မဲပေးမှ ဖြစ်မှာ ဆိုတော့လူတွေကိုစိတ်ပျက်စေတဲ့သူဟာ ခေါင်းဆောင်အဖြစ်ပြန်လာဖို့ လွယ်ပါ့မလား။ ---(၂)

-အကယ်၍ ပြန်လာခဲ့ရင် လူထုရဲ့စိတ်ပျက်မှုနဲ့ မကျေနပ်မှု အခံကနေ ပေါက်ဖွားလာတဲ့ Resistance ကို ပြိုင်ဘက် ပါတီတွေက ကောင်းကောင်း ကစားသွားနိုင်တဲ့အခြေအနေတစ်ရပ်ဖြစ်လာနိုင်တယ်။

-အကယ်၍ ပြန်လာခဲ့ရင် လူထုရဲ့မကျေနပ်မှု ကနေ ဖြစ်လာတဲ့ Resistance ကနေပဲ မကြာခဏ သပိတ်တွေပေါ်ထွက်လာနိုင်စရာရှိတယ်။

-ဒါ့အပြင် အခုလို အင်အားသုံးအာဏာသိမ်းတဲ့ ပါတီဟာ အာဏာရလာခဲ့ရင် ပြည်ပ ရင်းနှိးမြုပ်နှံသူတွေဟာ အလေးအနက်ထားစဉ်းစားရလိမ့်မယ်။ သူတို့ရဲ့ ပါတနာ ဝန်ကြီးဟာ အဖြုတ်ခံလိုက်ရရင် သူတို့ရင်းနှီးမြုပ်နှံထားတာတွေ ဆုံးရှုံးမယ်ဆိုတဲ့ အမြင်မျိုးကို ဖြစ်ပေါ်စေတယ်။ ဒီအတွက်သူတို့အနေနဲ့ အကြီးအကျယ်ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ လက်ရှောင်တဲ့ အနေအထားကိုဖြစ်ပေါ်စေမှာဖြစ်တယ်။

-ဒါ့အပြင် ဦးသိန်းစိန်အနေနဲ့ သူရဦးရွှေမန်းကို ရင်ဆိုင်ရာမှာ တပ်ရဲ့ ကျောထောက်နောက်ခံကိုယူခဲ့ရတာကိုသိသိသာသာတွေ့ရတယ်။ အစောပိုင်းကာလများတုန်းက အစိုးရအဖွဲ့အနေနဲ့သာလွှတ်တော်ကို အဓိကယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်းမှာ တပ်ရဲ့ ထောက်ခံမှုရဖို့ လုပ်လာတာကိုတွေ့ရတယ်။ ဦးသိန်းစိန်သည် တပ်က ပစ်ပယ်လိုက်ရင် အင်အားဘာမှမရှိတဲ့ သူဆိုတဲ့သဘောကိုတွေ့ရတယ်။ တည့်တည့်ပြောရရင် ဦးသိန်းစိန် သမ္မတ ဖြစ်လာခဲ့လျှင်ပင် တပ်ကနေ ကူညီထောက်ခံနေသူရဲ့ အလိုကျပဲ အားလုံးလုပ်ရမယ့်သဘောရှိတယ်။ ဒီလိုအနေအထားဟာဆိုရင် သူ သမ္မတလုပ်ရင် လက်ရှိအနေအထားတွေထက်ပိုဆိုးတဲ့ ဖိအားတွေကိုဖြတ်ကျော်ရတော့မယ့်သဘောကို ထင်ထင်ရှားရှားပြတယ်။

-ဒေါ်လာဈေး၊ ရွှေဈေး၊ မြေဈေးတွေ မတည်မငြိမ်ဖြစ်တာဟာလဲ ပေါက်ကွဲလုလု ပူဖောင်းတစ်လုံးလို မြင်ရတယ်။ ကုန်ဈေးနှုန်းတွေတက်တယ်။ဒါတွေရဲ့ အပြင်းထန်ဆုံးသက်ရောက်မှုဟာ တစ်နေ့လုပ်တစ်နေ့စား လူအများစု ဖြစ်တယ်။ သက်တမ်းငါးနှစ်အတွင်းမှာ စီးပွားရေးတိုးတက်မှုထက် စီးပွားရေးတည်ငြိမ်မှုကိုဖော်ဆောင်ဖို့ မတတ်နိုင်ခဲ့တဲ့အစိုးရအနေနဲ့ နောက်ထပ်ငါးနှစ်ဆိုတာဟာ စီးပွားရေးကြပ်တည်းပြီးဖြစ်လာတဲ့ သပိတ်ပေါင်းများစွာကို ဖိတ်ခေါ်နေသလိုအခင်းအကျင်းကိုဖြစ်စေတယ်။

-အနေအထားတွေအရ ဦးသိန်းစိန်ဟာ Step Down လုပ်ကိုလုပ်ပေးရတော့မယ့်အနေအထားဆိုတာကို ပြနေတယ်။ လူသစ်အစားထိုးပြီးယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့အနေအထားကိုပြနေတယ်။ ဒါပေမယ့် စစ်တပ်က လူတွေဟာ နိုင်ငံရေးကျကျနန မလုပ်တတ်တဲ့အတွက် ဦးသိန်းစိန် သမ္မတဆက်မလုပ်ဘူးလို့ ရာနှုန်းပြည့်လဲမပြောနိုင်သေးဘူး။ ဆက်လုပ်ရင်တော့ သူဦးဆောင်မယ့် ပါတီနဲ့သူ့ကိုထောက်ခံတဲ့စစ်တပ်ဟာ ယခုထက်နိုင်ငံရေးဖိအားပိုခံရမယ့်သဘောမှာရှိတယ်။

နိဂုံး
==

(၁) နိုင်ငံရေးနောက်ခံအခင်းအကျင်းအရ ရွေးကောက်ပွဲပျက်စရာမရှိသေးဘူး။

(၂) ဦးသိန်းစိန် သမ္မတအဖြစ်ပြန်လာရင် ကြံ့ခိုင်ရေးအတွက် Risk တော်တော်များတယ်။ စစ်တပ်က အဲ့ဒီ Risk ယူမလား...လူသစ်ထည့်မလား။

(၃)တပ်ရဲ့ စဉ်းစားပုံက ကာလုံ၊ 25 % အမတ်တွေနဲ့ လုံခြုံရေးယူပြီးသားဖြစ်တဲ့အတွက် အတိုက်အခံဖက်က တောင်ပြိုကမ်းပြိုနိုင်ခဲ့ရင် အတိုက်အခံလက်ထဲကို အာဏာကို အကန့်အသတ်နဲ့ပဲထည့်ပေးဖို့ဆန္ဒရှိပုံရတယ်။ ဒီအတွက် နည်းပေါင်းစုံသုံးပြီး ကန့်သတ်ဖို့ကြိုးစားနိုင်တယ်။

(၄) ဦးရွှေမန်းကို အချိန်မှီထိန်းချုပ်လိုက်နိုင်တာဟာ ဦးရွှေမန်းအတွက် 2015-2020 ကြားကာလမှာ လွှတ်တော်ပြင်ပနိုင်ငံရေးကိုလုပ်ဖို့ အတွက်အခြေအနေတွေ ဖြစ်ထွန်းစေနိုင်တယ်။ သူ့ပုံစံဟာ ကြံ့ခိုင်ရေးထဲကနေ သာမန်အမတ်အဖြစ်သာ ဆက်သွားမလားဆိုတာ...စိတ်ဝင်စားစရာဖြစ်တယ်။ အကြီးအကဲနေရာကလူအနေနဲ့ (လူတွေမသိနိုင်တဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ခံရခြင်း၊ မိသားစုလုံခြုံရေးတွေမပါရင်) ကြံ့ခိုင်ရေးမှာဆက်ပါဖို့ကမလွယ်ဘူး။ ဒါ့အပြင် ဦးဆန်းဆင့်က အရေးယူခံရပြီးသူ့ကိုချက်ခြင်းထိလို့မရသးတာကလဲ သူ့ရဲ့နောက်ကွယ်အင်အားကျန်နေသေးတာကို ထည့်စဉ်းစားရလို့ဖြစ်နိုင်တယ်။ ဦးရွှေမန်းဘယ်နေရာကနေ ဝင်ကစားမလဲ။ မသိကိန်း X အနေနဲ့ပဲထားကြည့်မယ်။ X သည် ပြိုင်ဘက်မဟုတ်ပေမယ့် ဖျက်မြင်း ဖြစ်လာနိုင်မလား။

Credited to Myoset Min

No comments:

Post a Comment